ပေါ့ပ်သီချင်း ချိုချိုလေးတစ်ပုဒ်တည်းနဲ့ ပရိသတ်တွေရဲ့ အာပေးမှုကို
တစ်ခဲနက် ရရှိခဲ့တဲ့ ငယ်ငယ်ရွယ်ရွယ် တက်သစ်စ အဆိုတော်တစ်ဦးကတော့
ရဲရင့်အောင်ပါ။ သူ့ရဲ့ သီချင်းလေးတွေက ပရိသတ် နားယဉ်လွယ်စေပြီး လူငယ်ထုရဲ့
ခံစားချက်တွေကို ဦးစားပေးထားတာကြောင့် အထူးသဖြင့် ဆယ်ကျော်သက်လေးတွေရဲ့
အားပေးမှုကို အမိအရ သိမ်းပိုက်ထားနိုင်ခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။
ပရိတ်သတ်ရဲ့
ဆက်လက်အားပေးမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ပြီး အခုဆို ပိုစတာတွေ ၊
နယ်ရှိုးပွဲတွေနဲ့ အားလပ်ရက်မရှိလောက်အောင် အလုပ်ရှုပ်နေခဲ့တဲ့
ရဲရင့်အောင်ကို ခဏတာ ဆုံတွေ့ခိုက်မှာ သိချင်တာလေးတွေ မေးမြန်းဖြစ်ခဲ့ပါတယ်။
- ဒီလောကထဲ စတင်အခြေချဖြစ်ခဲ့ပုံလေးကရော ။
စစချင်းတုန်းက
ကျွန်တော် တစ်ယောက်တည်းလုပ်တာပေါ့နော်။ တစ်ယောက်တည်းဒီလောကထဲ ၀င်လာတယ်။
ဘယ်သူနဲ့မှလည်း မသိဘူး။ ကျွန်တော့်ဟာကျွန်တော် သီချင်းတွေလုပ်တယ်။
အွန်လိုင်းမှာတင်တယ်။ အဲလိုနဲ့ G3 ထဲကကျွန်တော်သူငယ်ချင်းတစ်ယောက်နဲ့
ရင်းနှီးသွားပြီး သူတို့နဲ့ တစ်နှစ်လောက် သူငယ်ချင်းဖြစ်လိုက်သေးတယ်။
ပြီးတော့မှ သူတို့အဖွဲ့မှာ member အသစ်တွေလိုမယ်ဆိုတာနဲ့ ကျွန်တော် G3
အဖွဲ့ထဲဝင်ဖြစ်သွားတယ်ပေါ့။
- ရဲ့ရင့်အောင်ဆိုပြီး လူငယ်ပရိသတ်တွေ လက်ခံလာတာ ဘာကြောင့်လို့ထင်လဲ။
ကျွန်တော်က
အတတ်နိုင်ဆုံး လူငယ်ရင်ဘတ်နဲ့ နီးစပ်အောင်လုပ်တယ်။ ကျွန်တော်စေတနာထားပြီး
လုပ်တယ်။ အတတ်နိုင်ဆုံး ကြိုးစားပြီးလုပ်တယ်။ အဲဒါကြောင့်လို့ ထင်ပါတယ်။
- ပရိသတ် လက်ခံပြီး သတိထားမိသွားတဲ့ သီချင်းဆိုရင် ဘာကြောင့်လို့ထင်လဲ ။
အဲဒါဆိုရင်တော့ လွမ်းလွန်းလို့ပဲ ဖြစ်မယ်ထင်တယ်။
- လက်ရှိမှာ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်နေပီလို့ ယူဆလို့ရပီလားရှင့်။
ဟုတ်
။ လမ်းကြောင်းပေါ်တော့ ရောက်နေပါပြီ။ ဒါပေမယ့် ကျွန်တော်
အများကြီးကြိုးစားဖို့ လိုသေးသလို အများကြီးပြောင်းလဲပစ်ဖို့လည်း
လိုပါသေးတယ်။
- အစ်ကို တကယ်ရူးသွပ်တဲ့ music က ဘယ်လိုပုံစံမျိုး ဖြစ်မလဲ ။
ကျွန်တော်
တကယ်နှစ်သက်တာက Hip-hop ပါ။ ကျွန်တော်တကယ်နှစ်သက်ပေမယ့် ကျွန်တော့် အသံနဲ့
ဆိုလို့အဆင်မပြေတာကြောင့် စီနီယာတွေ ဆိုတဲ့ hip-hop သီချင်းတွေကို
နားထောင် ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တကယ်ဆိုနေတာကတော့ pop ပေါ့။
- ဒါဆို ပရိသတ်အားပေးမှုတွေနဲ့ commercial ဘက်လိုက်သွားဖြစ်တယ် ပြောလို့ရမလား။
commercial
ဘက်လိုက်သွားတာတော့ မဟုတ်ဘူးဗျ။ ကျွန်တော်ဆိုနေတဲ့ သီချင်း
တော်တော်များများက အချစ်သီချင်းတော့ဟုတ်တယ်။ ဒါပေမယ့်
လူတိုင်းပါးစပ်ဖျားမှာ စွဲနေတဲ့ သီချင်းမျိုးမဟုတ်သလို
ကျွန်တော့်သီချင်းအားလုံးလဲ မပေါက်ခဲ့ပါဘူး။ ဘာလို့လဲဆို ကျွန်တော်က
ကျွန်တော်လုပ်ချင်တာ လုပ်တာကိုး။ အချစ်သီချင်းတွေများနေပေမယ့်လည်း
commercial ဆန်သွား တာကြောင့်လို့တော့ ပြောလို့မရပါဘူး။
- production တစ်ခုခုနဲ့ တွဲလုပ်ဖို့အစီအစဉ်ရော ရှိလား။
လောလောဆယ်တော့ အဲလို အစီအစဉ်မရှိသေးပါဘူး။
- ဒီ ဂီတလမ်းကြောင်းကို ဘယ်လိုခံယူချက်နဲ့ လျှောက်လှမ်းနေပါသလဲ။
ကျွန်တော်က
ကျွန်တော်လုပ်ချင်တာတွေ လုပ်နေတာပါ။ ကျွန်တော်လုပ်ချင်တဲ့ သီချင်းပုံစံကို
လုပ်နေတယ်။ ကျွန်တော်ပေးချင်တဲ့အရာကို ပရိသတ်ကိုပေးနေတယ်။ ကျန်တာတွေတော့
ကျွန်တော် မသိဘူးပေါ့။
- အခုဆို အစ်ကို mainstream ပေါ်ရောက်နေပြီဆိုတော့ တာဝန်ကြီးတယ်လို့ ခံစားလာရလား။
ဟုတ်ကဲ့။
ခံစားရပါတယ်။ အများကြီးလည်းတွေးလာရတယ်။ ကျွန်တော်လုပ်ချင်တာ လုပ်တတ်တယ်
ဆိုပေမယ့် သူများတွေပြောတဲ့စကားတွေကိုလည်း ကျွန်တော်နားထောင်ပါတယ်။
နားထောင်တယ် ဆိုတာ လိုက်လုပ်တာမျိုးမဟုတ်ပဲ သူတို့ပြောတာ ဟုတ်လား ၊
မဟုတ်လား ကျွန်တော်စဉ်းစား လာရတယ်။ အရင်တုန်းကလိုတော့
ကျွန်တော်လုပ်ချင်တာကို လွတ်လွတ်လပ်လပ် မလုပ်ရတော့ ဘူးပေါ့။ ကျွန်တော့်ကို
တိုက်ခိုက်နေတဲ့ သူတွေလည်း အများကြီးပဲလေ။
- ဒီလို အတိုက်အခံတွေရှိတယ်ဆိုတော့ သဘောထားမတိုက်ဆိုင်ရင် ဘယ်လိုများ ဖြေရှင်းလဲ။
သူတို့အမြင်တွေမှားနေရင်တော့
ပြန်ရှင်းပြပါတယ်။ တချို့ကတော့ နားလည်သွားတယ် ။ တချို့ကျတော့လည်း
နားလည်ပေမယ့် တမင်သက်သက် ပြောချင်လို့ကို ပြောနေတဲ့သူတွေ တပုံကြီး ရှိတယ်။
အဲဒါမျိုးကျတော့ ဘာမှပြန်ပြောမနေတော့ဘူး။ ကိုယ့်လုပ်ရပ်က မှန်နေဖို့ပဲ
အရေးကြီးတာပဲ။
- မျက်နှာသစ်တစ်ယောက်အနေနဲ့ မှတ်မှတ်ရရ အခက်အခဲကြီးကြီးမားမား ကြုံတွေ့ခဲ့ရဖူးလား။
ထွေထွေထူးထူးတော့
မရှိပါဘူး။ ကျွန်တော်သီချင်းစဆိုကာစက စင်ပေါ်မှာဆိုရင် မော်နီတာက
ပြန်ထွက်တဲ့ ကျွန်တော့အသံကို ကျွန်တော်မဖမ်းမိဘူး။ ပြီးတော့ စပီကာကထွက်တဲ့
မြူးဇစ်ရဲ့ ကီးကိုလည်း ကျွန်တော်မဖမ်းမိဖူး။ အဲ့တော့
ကျွန်တော့်အသံနဲ့ကီးနဲ့ လွဲတာတွေ ရှိုးပွဲမှာ ခဏဏကြုံနေရတော့ အရမ်းလည်း
စိတ်ဓါတ်ကျခဲ့တယ်။ အရမ်းလည်း စိတ်ညစ်ခဲ့ရတယ်။ နောက်ပိုင်း
ဆိုပါများလာတော့မှ ကျင့်သားရလာတာပေါ့။
- အခုထွက်ထားတဲ့ သားသားနဲ့ အခွေအပေါ် ပရိသတ်ရဲ့တုံ့ပြန်မှုကရော။
Audio
ထွက်တာတော့ (၂)နှစ်လောက်ရှိပြီ။ ဗွီစီဒီကတော့ အခုမှထွက်တာပေါ့နော်။
ပရိသတ်ကတော့ အားပေးပါတယ်။ တချို့သီချင်းတွေကျတော့လည်း
ကျွန်တော်တို့ဖန်တီးထားတာ အရမ်းလွန်သွားတယ်။ ဥပမာ - ရပါတယ် ၊ ထွက်သွားပါ
သီချင်းမျိုးတွေဆို အရမ်းကြီး stroy ဆန်သွားတယ်။ ဒါပေမယ့် တချို့က
ကျွန်တော်တို့ကြိုးစားထားတာကို လက်ခံတယ်။ တချို့ကတော့လည်း
ဝေဖန်တာတွေတော့ရှိပါတယ်။
- Global ပဲဖြစ်ဖြစ် Local ပဲဖြစ်ဖြစ် အားကျရတဲ့အနုပညာရှိလားမသိဘူး။
ရှိပါတယ်။
World Wide မှာဆိုရင် ကျွန်တော်အားကျရတာ Chris Brown။ ကျွန်တော်သူ့လို
ဖြစ်ချင်တာ။ ရှင်းရှင်းပြောရရင် သူလုပ်တဲ့အတိုင်းကို ကျွန်တော်လုပ်ချင်တာ။
သူက R&B ဆိုတဲ့ အဆိုတော်။ ဒါပေမယ့် သူ rapper လိုဝတ်တယ် ၊
လူမိုက်လိုနေတယ်။ အဲဒါတွေကျွန်တော် သဘောကျတယ်။ ဒီမှာဆိုရင်တော့
အခုကျွန်တော်နဲ့အတူတူ စင်ပေါ်မှာတွဲဆိုနေတဲ့ စီနီယာတွေ အကုန်လုံး ၊
ကျွန်တော်ကလေးတည်းက ကြိုက်ခဲ့ရတဲ့ အဆိုတော်တွေရောပေါ့ ။ ကျွန်တော်က
ငယ်ငယ်လေးကတည်း မြန်မာသီချင်းလည်းကြိုက်တတ်တော့ အားလုံးက ကျွန်တော့်ကို
ဖျော်ဖြေခဲ့ဖူးတဲ့ သူတွေလိုချည်းဖြစ်နေတာ။ အဲဒီတော့ ကျွန်တော်အားလုံးကို
ကြိုက်ပါတယ်။
- အွန်လိုင်းပေါ်မှာ ပျံ့နေတဲ့ အစ်ကို့အချစ်ရေးကရော ။
လောလောဆယ်တော့
တစ်ယောက်တည်းပဲ နေနေတယ်လို့ ပြောချင်ပါတယ်။ Propose လုပ်ထားတယ် ဆိုတာလည်း
လျှောက်ပြောနေကြတာလို့ပဲ ပြောပါရစေ ။ (ရယ်လျက်)
- လတ်တလော ရှိုးတွေပဲဆိုဖြစ်နေတာပေါ့ ။ ဘယ်ကိုသွားဆိုမှာလဲ။
ဟုတ်ပါတယ်။ အခုက ဟုမ္မလင်းနဲ့ ၊ မဘိမ်းပေါ့ ။
- တကိုယ်တော်အခွေ သတင်းလေးကရော။
တကိုယ်တော်အခွေကတော့
ကျွန်တော်လုပ်နေတာ ကြာပါပြီ။ ထွက်ခဲ့တဲ့ သားသားနဲ့ နှစ်ယောက်တွဲ
အခွေမတိုင်ခင်ကတည်းက လုပ်နေတာ ။ အဆင်မပြေတာတွေ များတော့ အခုအခွေကို
နှစ်ယောက်ပေါင်းပြီး လုပ်ဖြစ်ခဲ့တာပါ။ အခုတော့ ကျွန်တော်
တစ်ကိုယ်တော်အခွေကို တကယ်ဇောက်ချ လုပ်တော့မှာပါ။
- ရှေ့ဆက်ပြီး ဘာတွေဆက်လုပ်သွားဖို့ အစီအစဉ်ရှိလဲ။ ဘယ်အတိုင်းအတာအထိ ရည်ရွယ်ထားလဲ။
လောလောဆယ်
ကျွန်တော့်ခေါင်းထဲမှာ ရှိတာကတော့ ကျွန်တော့်တစ်ကိုယ်တော် အခွေပါပဲ။ အဲဒီ
အခွေကိုပဲ မပြီးပြီးအောင် အမြန်ဆုံးလုပ်ဖို့ ကြိုးစားနေပါတယ်။
- ဒီလောကထဲမှာ အောင်မြင်သွားခဲ့မယ်ဆိုရင်တော့ အောင်မြင်မှုကို ဘယ်လိုမျိုးဆက်ပြီး ထိန်းသိမ်းသွား မယ်လို့ စိတ်ကူးထားလဲ။
အဲဒီလို
နာမည်အရမ်းကြီးပြီး အောင်မြင်နေတာမျိုးကိုလည်း ကျွန်တော်မလိုချင်တော့ဘူး။
ကျွန်တော်က သီချင်းတွေလုပ် ၊ သီချင်းတွေဆိုပြီး ကျွန်တော့်သီချင်းတွေကို
ပရိသတ်ကို နားထောင်စေချင်တာ။ အောင်မြင်မှုကို ဆက်ထိန်းထားတာ ၊
မထိန်းထားတာတော့ ကျွန်တော်မပြောတတ်ဘူးဗျ။ အဓိက ကတော့ ကျွန်တော်ဆိုချင်တဲ့
သီချင်းတွေ ကျွန်တော်ဆက်ဆိုနေဦးမှာပါ။
May Thaw/
2 comments:
hi ဖုန်းနံပါတ်ပြောပါ ရဲရင့်အောင် ရဲ့ ပြီးရင် kyawkhant1111@gmail.com ကိုပို့ပေးပါ
အကိုရဲ့သီချင်းတွေအရမ်းကြိုက်တယ်
Post a Comment