မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Friday, February 14, 2014

ဗိုလ်ချုပ်ရုပ်ရှင် နှင့် ပတ်သက်၍ ဇာဂနာ နှင့်အင်တာဗျူး

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပတိ ရုပ်ရှင် ဇာတ်ကား ရိုက်ကူးနိုင်ရန် ဘုတ် အဖွဲ့ ဖွဲ့စည်းခဲ့သည်မှာ ယခု ၂ဝ၁၄  ဖေဖော်ဝါရီ ၁၃ ရက်ဆို နှစ်နှစ် ရှိခဲ့ပြီ။ ရိုက်ကူးရေးနှင့်ပတ် သက်ပြီး ဘာမှ မထူးခြား၊ မလုပ်ရှားသေးပေ။ ဇာတ်ညွှန်း ကိစ္စကလည်း အချိန် များစွာကို ကုန်ဆုံးစေခဲ့ပြီးပြီ။ ၂ဝ၁၅ ဗိုလ်ချုပ် နှစ်တစ်ရာ ပြည့်မှာ ရုံတင်ပြသနိုင် မလား။ ပြည်သူတွေ ရဲ့အသံများက များသထက် များလာတာ တွေ့ရ၏။
သို့သော် အစ အနပင် မတွေ့ရသေး။ ပါဝင် သရုပ်ဆောင်မည့်သူများက မြန်မာလူမျိုး မှန်သော်လည်း ပြည်သူတွေ စိတ်ဝင်စားတဲ့ ဒါရိုက်တာ ထုတ်လုပ်ရေး ဘယ်သူဖြစ် လဲ၊ ဘယ်နိုင်ငံ ကလဲ၊ ခုချိန်ထိ တိကျပြတ်သားတဲ့အဖြေက မရှိ။
သို့အတွက်ကြောင့် ‘အောင်ဆန်း’ ရုပ်ရှင် ဘယ်တော့ ရုံတင်မလဲဟု ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး အတွင်းရေးမှူး ဖြစ်သူ ဦးဇာဂနာကို တွေ့ဆုံမေးမြန်း ခဲ့သည်။
မေး။ လာမယ့် ၂ဝ၁၅ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ နှစ်တစ်ရာပြည့် မွေးနှစ် မှာ ‘အောင်ဆန်း’ ဆိုတဲ့ ဗိုလ်ချုပ်အောင် ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ကားကြီး ရုံတင် ပြသနိုင် မလား။

ကျွန်တော်တို့ တစ်နိုင်ငံလုံးကို လိမ်စရာ မလိုဘူး။ သေချာတာ တစ်ခု ကတော့ အဲဒီနေ့မှာ စရိုက်နိုင်ရင် တောင် ကံကောင်းတယ် လို့ပြောရမယ်။
မေး။ နှစ်တစ်ရာပြည့်မှာ ရုံတင်မယ် လို့ပြောပြီးတော့ စနိုင်ရင်ကံကောင်း တယ်လို့ ပြောရမယ်ဆိုတော့ ဘာ ကြောင့်လဲ။
ဘုတ် အဖွဲ့ဝင်တွေက ဗိုလ်ချုပ် ရုပ်ရှင် ဇာတ်ကား ဖြစ်မြောက်ရေး ကိစ္စ တွေလုပ်ဆောင်ကြတာပဲ။ တတ်နိုင်သ လောက် လုပ်နေကြတာပဲ။ သို့သော် ကျွန်တော် တို့က နိုင်ငံ တကာ အဆင့်ကို သွားချင်တယ် ဆိုတဲ့ စိတ်နဲ့ လုပ်ကြ တယ်။ သေချာတာ တစ်ခုက ကျွန်တော် တို့ ကိုယ်တိုင်က နိုင်ငံတကာ စိတ်မရှိ ကြဘူး။ နိုင်ငံတကာ အမြင် မရှိကြ ဘူး။ နိုင်ငံတကာ ကို သွားချင်တဲ့စိတ်ပဲ ရှိတယ်။
ကျွန်တော် ကိုယ်တိုင် ထောင်ထဲ ကလွတ်လွတ်ခြင်း သုံးလ အတွင်းမှာ နိုင်ငံ ခြားကို သွားခဲ့တယ်။ ဒီဇာတ်ကား အတွက် ပဲသွားခဲ့တယ်။ တစ်ယောက် တည်း လုပ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် တို့ ဘက်ခြမ်းက ရှိတဲ့လူတွေက အတတ်နိုင်ဆုံး လုပ်ကြတယ်။ ဒါပေမဲ့ အားလုံးက နိုင်ငံတကာ အမြင် မဟုတ် ကြဘဲ ပြည်တွင်း အမြင်ပဲဖြစ်ကြ တယ်။ နိုင်ငံ တကာက လူတွေ နဲ့လည်းတွေ့ရော အားလုံး တစ်ခြားစီဖြစ်သွားတယ်။
မေး။ ရိုးရိုးသာမန် ရုပ်ရှင် ဇာတ်ကား ကြီး တစ်ကားကို ၁၅ ရက်၊ ရက် ၂ဝ နဲ့ အပြီး ရိုက်ကြတယ်။ ဒီဇာတ်ကားက နိုင်ငံတကာထိ ရည်ရွယ်ပြီး ရိုက်မှာဆို တော့ ရိုက်ကူးရေး ရက် အချိန် ဘယ် လောက် ခန့်မှန်းထားပါသလဲ။
အခု ဒီဇာတ်ကားကို နိုင်ငံတကာ အထိ ရည်ရွယ်ပြီး ပြမယ်ဆိုရင် အနည်း ဆုံး နှစ်နှင့် ချီပြီး အချိန်ယူ သင့်တယ်။ မြန်မာနိုင်ငံမှာ လိုမျိုး စပြောပြီး စလုပ် မယ် ၁ဝ ရက်၊ ၁၅ ရက်နှင့် ပြီးမယ်။ အဲလိုမျိုး ရိုက်ကူးရေးမျိုးတော့ မဖြစ်နိုင် ဘူး။ နိုင်ငံခြား ကလူတွေက ဗိုလ်ချုပ် အောင်ဆန်း ကို အလုံးစုံ မသိဘူး။ ဗိုလ် ချုပ်အောင်ဆန်း ရုပ်ရှင်ကိုပဲ ထိုင်ကြည့် မှာ မဟုတ်ဘူး။ ဗိုလ်ချုပ် အကြောင်းကို အခုမှ ပြန်လေ့လာရင် နောင် ၅ နှစ် လောက် ကျန်ဦးမှာပဲ။
မေး။ မြန်မာတွေ ကိုယ်တိုင်လုပ်ဖို့စဉ်း စားကြတာကနေ ဘယ်လိုဖြစ်ပြီး နိုင်ငံ တကာပြန်ဖြစ်သွားပါသလဲ။
အခု ကျွန်တော် တို့ ဇာတ်ညွှန်းက ပြည်တွင်း အတွက်ဆို အဆင်ပြေတယ်။ နိုင်ငံတကာ ဈေးကွက် ကိုတော့ အဆင် မပြေနိုင်တော့ဘူး။ မပြေနိုင်တော့ဘူး ဆိုတာ က လည်း အစောကြီး ကတည်းက သိလို့ လုပ်ခဲ့တယ်။ ဒါပေမဲ့ ကိုယ့်ဟာ ကိုယ်လုပ်ရင် ဖြစ်မယ် ဆိုတဲ့ စိတ်နဲ့ ကျွန်တော်တို့ ဗိုလ်ချုပ် မို့လို့ လုပ်ရင်ဖြစ် တယ်ဆိုတဲ့ အသိစိတ် နဲ့ လုပ်ကြတယ်။ အဲဒီကနေ တစ်ခါအခု ကိုယ့်ဟာကိုယ် လုပ်ရင် မဖြစ်တော့ဘူးလို့ ဖြစ်လာတဲ့ အခါကျမှ နိုင်ငံတကာ ကို ပြန်ခေါ် တယ်။ ဒါပေမဲ့ အဲဒီ အတွက် နိုင်ငံတ ကာက လူတွေကို ဘယ်သူ့ကိုမှ ကျွန် တော်တို့ ဒုံးဒုံးချ တစ်နိုင်ငံလုံးကို ဘယ် ဒါရိုက်တာ၊ ဘယ်ထုတ်လုပ်ရေး၊ ဘယ် ကုမ္ပဏီ၊ ဘယ်သူနဲ့ လုပ်ပါ့မယ်လို့ တစ် ယောက်မှ မကြေညာရဲ၊ မပြောရဲတော့ ဘူး။
မေး။ ဒီဇာတ်ကားကို ပဲ့ကိုင်မယ့် ဒါ ရိုက်တာကို ဦးဇာဂနာအနေနဲ့ ရွေးချယ် ရမယ်ဆိုရင် ဘယ်လိုဆုံးဖြတ်မလဲ။
ဒီဇာတ်ကား ဖြစ်ပေါ်လာဖို့က ကျွန်တော် အဖြစ်ချင်ဆုံး အိမ်မက်ပါ။ ကျန်တဲ့ ဘုတ် အဖွဲ့ဝင်တွေမှာ အိမ်မက် ရှိလား မရှိဘူး လားတော့ မသိဘူး။ ၂ဝ၁၄ ခုနှစ် ကတည်း က အင်တာနက် မှာ ဇာဂနာ ဘလော့ဆိုပြီး ဗိုလ်ချုပ် ဇာတ်ညွှန်းကို စရေးခဲ့တယ်။ ဒီအိမ်မက် ဖြစ်ပေါ်လာဖို့ ကြိမ်ဖန် များစွာ ကြိုးစား ခဲ့တယ်။ ဖြစ်လာတဲ့ အခါမှာ နိုင်ငံခြား ကို နိုင်ငံ များစွာ သွားပြီး ဗိုလ်ချုပ်နဲ့ပတ် သက်တာ စုဆောင်းခဲ့တယ်။ ဒါပေမဲ့ အားလုံးက ပြည်တွင်း ကလူတွေနဲ့ပဲ လုပ် ချင်ကြတယ်။ လုပ်ကြည့်ပါ ဆိုပြီးတော့ ကျွန်တော် ကြည့်တယ်။ နှစ်နှစ်ဆိုတဲ့ အချိန်သာ ကျော်လာတယ်။ ဘာမှ ဖြစ်မလာသေးဘူး။ အခုနိုင်ငံခြားသားတွေ ကို ပြန်ခေါ်တဲ့ အခါ မှာ နိုင်ငံခြားသားတွေ ပြောလာတဲ့ စကား လုံးတွေက ကျွန်တော့် ရင်ဘတ်ကို ဆောင့်ကန်ခံလိုက် ရသလိုပါပဲ။ ကျွန်တော်က အစက တည်းက နိုင်ငံခြားသား နဲ့ပဲ ရိုက်စေချင် ခဲ့တာပါ။ ကျွန်တော်ကြိမ်ဖန် များ စွာ ပြော ခဲ့ပါတယ်။ ဒါရိုက်တာတွေ နာမည် လည်း ခဏခဏပြောတယ်။ ဒါပေမဲ့ ကျွန်တော့် စကား မအောင်မြင်ပါဘူး။ မတတ်နိုင်ဘူးလေ။  အခုမှ နိုင်ငံ ခြားက ဒါရိုက် တာ ပြန်ဖြစ်သွားတော့ ကျွန်တော် လည်း နားမလည်တော့ပါ ဘူး။
မေး။ ဇာတ်ကား ရိုက်ကူးနိုင်ဖို့ အ   တွက် လိုအပ်တဲ့ ရန်ပုံငွေရော အလုံ အလောက် ရှိလား။ ခန့်မှန်းခြေ ဘယ် လောက်ကုန်ကျနိုင်ပါသလဲ။
တစ်ပြားမှ မရှိသေးဘူး။ လှူဒါန်း ထားတဲ့ ပိုက်ဆံတွေတော့ ရှိတယ်။ စာ ရင်း အတိအကျတော့ ကျွန်တော် မသိ ဘူး။ ခန့်မှန်းခြေဒေါ်လာ သန်း ၃ဝ လောက် ကုန်ကျမယ်။ အဲဒီ ငွေကြေးကိစ္စ အတွက် ဒါရိုက်တာ ဒေါ်အိအိခိုင်က ပြည်ပ ဘက်တွေနဲ့ ထိတွေ့ရမှာပေါ့။
မေး။ ၂ဝ၁၅ မှာ ဒီဗိုလ်ချုပ် ရုပ်ရှင် ဇာတ်ကားက ဒုတိယ ဗိုလ်ချုပ်မွေးဖွားပြီး ပြည်သူတွေကို အကောင်းဆုံး ခွန်အား တွေပေးနိုင်မယ်လို့ ယုံကြည်ပါသလား။
ကျွန်တော် ဇာဂနာ သာမန် အရပ်သား အနေနဲ့ ပြောမယ် ဆိုရင် ဒီဇာတ်ကား ကို နိုင်ငံတကာက စောင့်ကြည့်မှာ မဟုတ်ပေမယ့် မြန်မာနိုင်ငံ က ပြည်သူ တွေစောင့်ကြည့် မယ် ဆိုတာတော့ ယုံတယ်။ ကျွန်တော်သာ ဆိုရင် မြန်မာ ပြည်သူတွေ ကျေနပ်အောင် ရိုက်ပြဖို့ ကောင်းတယ်လို့ မြင်တယ်။ နိုင်ငံတ ကာနဲ့သွားချင် ရင် နိုင်ငံတကာ အကြိုက် တစ်ကား၊ မြန်မာပြည် အကြိုက် မြန်မာ ပြည်သူတွေ အတွက် တစ်ကားရိုက် မယ်။ ဒါက မြန်မာပြည်သူတွေ ရဲ့ မျှော်လင့်ချက်၊ လွတ်လပ်ရေး ဖခင်လေ။ သေ ချာ တာ တစ်ခုကတော့ ဗိုလ်ချုပ် အောင်ဆန်း ဇာတ်ကား အရာမရောက် ဘူး။ ပုံမပေါ်ဘူး။ ရုံပေါ် မကြည့်ရတော့ဘူး ဆိုတဲ့ အခြေအနေ မျိုးနဲ့ ရင်ဆိုင် ရ ရင်တော့ တော်တော် ဝမ်းနည်းစရာ ကောင်းမယ်။ အဲလိုဖြစ်လာ ရင်တော့ ကျွန်တော်လည်း ဖြေသိမ့်လို့ ရမှာမဟုတ် ဘူး။ ၂ဝ၁၅ မှာတော့ မဖြစ်နိုင်ဘူး။ တကယ်လို့ ဗိုလ် ချုပ်မွေးနေ့ မှာ ပြည် သူတွေ မျှော်လင့်တဲ့ အတိုင်း ပြချင်ရင် တော့ ကိုယ့်ဘာသာ ကိုယ် ရှိတာလေးနဲ့ ထရိုက် မှဖြစ်တော့မယ်။ နိုင်ငံတကာ အထိ မရည်ရွယ် ဘဲ မြန် မာပြည် သူတွေ အကြိုက်ကို ထိထိမိမိနဲ့ ဘုတ် အဖွဲ့တွေ ရိုက်နိုင်လောက်ပါတယ်။
မေး။ ဒီဇာတ်ကား အတွက် နှစ်နှစ်ဆိုတဲ့ အချိန်က ကုန်သွားစေတယ်။ ကြန့်ကြာ တဲ့အဓိက အကြောင်းအရာက ဘာလဲ။
‘နိုင်ငံတကာ’ ဆိုတဲ့ နောက်ကို ရောက်သွားတဲ့ အတွက်ပါ။

 ထူးထူး တွေ့ဆုံမေးမြန်းသည်/popularmyanmar.

No comments:

 Blogger

Myanmar CNN