မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Tuesday, January 28, 2014

အားလုံး ဆုံတွေ့နိုင်တဲ့ အချိန်မှ ဆွေးနွေးပွဲတက်မည်

ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA အနေနဲ့ တိုင်းရင်းသားတွေရဲ့  နိုင်ငံရေး ပြဿနာတွေ ကို အားလုံးမျက်နှာချင်းဆိုင် တွေ့ဆုံဖြေရှင်းနိုင်တဲ့ အချိန်ရောက်မှသာ တက်ရောက်ဆွေးနွေး မှာဖြစ်ကြောင်း ၀ ဒီမိုကရက်တစ်ပါတီ အကြီးအကဲ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဆိုင်ပေါင်နပ်က ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်နီးလောက်က ကေအိုင်အိုဌာနချုပ် လိုင်ဇာမှာကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ညီလာခံနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ကေအဲန်ယူထိန်းချုပ် နယ်မြေ လေးဝါးဒေသမှာကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကို UWSA က တက်ရောက်ခြင်း မရှိခဲ့ပါဘူး။

ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ရဲ့သဘောထားကို RFA ကမေးမြန်းရာမှာ ပြည်ထောင်စု လွှတ်တော် တက်ရောက်နေတဲ့  အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဆိုင်ပေါင်နပ်က  အခုလိုပြောပါတယ်။
“တကယ်ဆွေးနွေးမယ်ဆိုရင် တိုင်းရင်းသားက သူ့ရဲ့အခွင့်အရေးဆိုင်ရာ တောင်းဆိုချက်တွေက သိပ်ပြီးတော့ မတူနိုင်ကြဘူး၊ အထူးသဖြင့် ဥပမာ ဝ က ဒီကနေ့ တကယ်ပဲသူက အရေးကြီးကိစ္စတစ်ရပ်အနေနဲ့ မရှိမဖြစ်မရမဖြစ်ဆိုတဲ့ ပြည်နယ်တောင်းတဲ့ကိစ္စတွေ ဒါတွေကို သူတို့က သီးခြားပြောဆိုမယ်၊ အဲဒီအချိန်ကျမှ သူတို့ရဲ့ လိုလားချက်တွေတင်မယ်၊ ဒီလိုအပြည့်အစုံ မပါဘဲနဲ့ ဆွေးနွေးမယ်ဆိုရင် ဒါအချည်းနှီးပဲဖြစ်မယ်လို့ သူတို့ကယူဆတယ်”
ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်က ပြည်နယ်တစ်ခုအဖြစ် သီးသန့်ပေးဖို့ တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် တိုင်းရင်းသားအရေးတွေကို တကယ်တမ်း ဖြေရှင်းနိုင်တဲ့အဆင့်ရောက်မှသာ အဲဒီလို နိုင်ငံရေးဆွေးနွေးပွဲတွေကို တက်ရောက်သွားမှာဖြစ်ကြောင်း သိရပါတယ်။
ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ဟာ လက်နက်ကိုင်တပ်အင်အား ခုနှစ်သောင်းလောက်ရှိမယ် လို့ ခန့်မှန်းကြပါတယ်။ လက်ရှိမှာ ၀ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အသိအမှတ်ပြုထားတာပါ။

 rfa.org/burmese/news

No comments:

 Blogger

Myanmar CNN