မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Friday, January 31, 2014

မိန်းကလေး သရဲမနှင့် ဗိုလ်ကြီးသရဲ တို့ကို ကြုံတွေ့ခဲ့ရသူတစ်ဦး၏ ခြောက်ခြားဖွယ်ရာ ည

Credit to-True Can Change
Post by:မောင်မိုးတိမ်/newmyanmarpyi


 ကျွန်တော် အသက် (၁၂) နှစ်သားအရွယ်လောက်မှာပါ..၊ ၁၂  နှစ်
သားဆိုပေမယ့် ကျွန်တော် သူများလို သရဲ မကြောက်တတ်ပါဘူး..၊
ကလေးတွေထဲမှာတောင် သတ္တိရှိတယ်ဆိုပြီး ချီးကျူးခံရပါတယ်..၊
တစ်ညမှာ ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် လသာသာနဲ့
ကစားနေကြပါတယ်…၊ ဘာကစားနေလဲ ဆိုတာကိုတော့
ကျွန်တော်မမှတ်မိတော့ပါ…၊ အဲဒီမှာ သူငယ်ချင်းတစ်ယောက်က
ဆော့နေရင်းကနေ…"မီးလုံးကြီး..၊ မီးလုံးကြီး" လို့ အော်လိုက်တယ်…၊ ကျွန်တော်တို့အားလုံး ကြောင်သွားကြတယ်..၊


ပြီးတော့ သူခွက်ထိုးခွက်လန် ရီပါတော့တယ်…၊ ၁
မိနစ်လောက်လည်း ရီပြီးရော… အားရပါးရ ငိုချပါတော့တယ်..၊
ငိုတယ်ဆိုတာတောင် အသံကိုကြားရရုံလောက် ငိုတာ
မဟုတ်ပါဘူး..၊ အာခေါင်နီအောင်…အသားကုန် ငိုဖြဲတယ်လို့ ဆိုရမလောက် အောင် အော်ငိုတာပါ… အော်ငိုသံက
အရမ်းကျယ်တော့ လူကြီးတွေ မိဘတွေ ထွက်လာကြည့်ကြတာပေါ့
ဘာမှ လည်း မေးလို့မရဘူး…၊ အော်ပဲငိုနေတော့တာ…၊ အဲဒါနဲ့ လူကြီးတွေက သရဲဝင်ပူးပြီ ဆိုပြီး ဘုန်းကြီးပင့် တဲ့သူကပင့်.. ရေမန်းတိုက်ဖို့ လုပ်တဲ့လူကလုပ်နဲ့ အလုပ်ရှုပ်နေကြတယ်..၊
ခဏကြာတော့ ဘုန်းကြီးတစ်ပါး ပင့်လာတယ်..၊ ဘုန်းကြီးကိုလည်း
မြင်ရော… ငိုနေတာ ချက်ချင်းရပ်သွားတယ်..၊

မျက်ထောင့်ကြီးတွေနီ…၊ အံတွေကြိတ်ပြီး… ပါးစပ်ကလည်း
တတွတ်တွတ် ရွတ်နေတယ်…၊ ဘာတွေ ရွတ်နေလည်းတော့
မသိဘူး..၊ အံတွေကြိတ်ထားတာများ သွားတောင်ပဲ့တယ်ဗျာ…၊
ဘုန်းကြီးက မေးတယ်…၊ ဘယ်သူလဲ…၊ ဘယ်ကလဲ..၊

ဘာဖြစ်ချင်လို့ဒီလိုလုပ်ရတာလဲ…၊ အခုလိုလုပ်နေတာ ခံရတဲ့ ကလေးက ဘယ်လောက်သနားဖို့ကောင်းလဲ ..ဘာညာနဲ့ ချော့ပြောတာပေါ့… ဘုန်းကြီးက ဒီလိုမေးတော့ ချက်ချင်းကြီး မဖြေသေးဘူး..၊ ခဏကြာမှ… စကားသံ စထွက်လာတယ်…

ထွက်လာအသံက မိန်းကလေးအသံ… ကလေးပဲရှိအုံးမယ်ထင်တယ်…၊ ကျွန်တော့်မှာ ယောက်ျားလေး ကနေ မိန်းကလေး အသံလေးနဲ့ စကားပြောတာမြင်တော့ ကြက်သီးဖြန်းခနဲ ထသွားတာပဲ…၊ သူ့နာမည်က သင်းသင်းအေး ဖြစ်ကြောင်း၊ ဒီရပ်ကွက်မှာပဲ နေကြောင်း၊ လွန်ခဲ့တဲ့ နှစ်နှစ် လောက်က ဆုံးသွားတာဖြစ်ကြောင်း..၊ သူလည်း ကျွန်တော်တို့အတူ ဆော့ချင်နေတာကို ကျွန်တော်တို့က သူ့ကို ဂရုမစိုက်..၊ မခေါ်ကြောင်း..ဒါကြောင့် စိတ်တိုပြီး အခုလိုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းပြပါတော့တယ်..။

ကျွန်တော်သူပြောနေတာကို ကြည့်နေရင်း သိရတာက
သူ့ပြောပုံဆိုပုံ သူ့လေသံဟာ ကျွန်တော်တို့ သူငယ်ချင်း
သင်းသင်းအေးနဲ့ တစ်ထပ်ထဲ တူနေတယ်ဆိုတာပါပဲ..၊ သူက
သဘောကောင်းတဲ့ သူငယ်ချင်းမလေးပါ..၊ လွန်ခဲ့တဲ့နှစ်နှစ်က ၀မ်းပျက်ဝမ်းလျောရောဂါနဲ့ ဆုံးသွားခဲ့တာပါ…။ သူက မကျွတ်မလွတ်ပဲ ကျွန်တော်တို့ ဆော့နေတာကိုမြင်တော့ သူလည်း
ဆော့ချင်နေတာနေပါလိမ့်မယ်..၊ ကျွန်တော်တို့ကလည်း သူ့ကိုမမြင်ရတော့ နောက်ဆုံး စိတ်တိုပြီး ၀င်ပူးလိုက်တာဖြစ်ပါလိမ့်မယ်..၊နောက်ဆုံး ဘုန်းကြီးလည်း ချော့မော့ပြီး ထွက်ခိုင်းတော့

သူထွက်သွားပါတယ်..၊ အပူးခံရတဲ့ကောင်လေးက

မျက်လုံးကြီးပြူးပြီး ကြောင်နေပါသေးတယ်..၊ ခဏကြာမှ
ရေဆာတယ်..ရေဆာတယ်.. ဆိုပြီးပြောလို့ ရေသောက်လိုက်မှ
နဂိုအတိုင်း ပြန်ဖြစ်သွားပါတယ်..။လူကြီးတွေလည်း သင်းသင်းအေးရဲ့ မိဘတွေကို အကြောင်းကြား..၊
နောက်နေ့ကို အလှူလုပ်၊ အမျှဝေပေးလိုက်တာ
အမျှရသွားတယ်ထင်ပါရဲ့… ခုထိတော့ သူနဲ့ ပတ်သက်တာ မတွေ့ရတော့ပါဘူး..။

စစ်တပ်ထဲမှ ဗိုလ်ကြီးသရဲ
ကျွန်တော် အသက် (၁၄) နှစ် အရွယ်လောက်မှာ အဖေတာဝန်ကျတဲ့ စစ်တပ်ဖြစ်တဲ့ (-)
စစ်တပ်ထဲကို တစ်မိသားစုလုံး လိုက်နေကြရပါတယ်..၊ (-) စစ်တပ်ဟာ သင်္ကျိုင်းကုန်းကို ဖျက်ပြီး စစ်တပ်တည်ထားတယ်လို့ သိရပါတယ်..။ သင်္ချိုင်း ရွှေ့တုန်းက ဆိုရင် ကားတစ်စီးငှား.. ဒီသင်္ချိုင်းမှာ နေထိုင်ကြတဲ့ နာနာဘာဝများ သချိင်္ုင်းပြောင်းရွှေ့မှာဖြစ်တာကြောင့် ဒီကားပေါ်တက်ပေးပါလို့ဆိုတာနဲ့ ကားဟာ အလိုလို အိကျသွားပြီး...၊ ကားပေါ်ကိုတောင် အလုအယက်တက်ကြတယ်လို့ ဆိုကြပါတယ်….
တစ်ခေါက်တည်းနဲ့ မလောက်လို့ နှစ်ခေါက်
သုံးခေါက်ပြန်ကြိုရတယ်လို့လည်း ပြောကြပါတယ်..။
ကျွန်တော့်အဖေက ညဆို တာဝန်ကြပ်ကြီး ကျတတ်ပါတယ်..၊
တာဝန်ကြပ်ကြီးကျတဲ့ ညတွေဆို အဖေက ကျွန်တော့်ကို ခေါ်သွားလေ့ရှိပါတယ်…။ 

တစ်ညမှာပေါ့.. အဖေက ထုံးစံအတိုင်း တာဝန်ကြပ်ကြီးကျလို့ ညသွားအိပ်ရမယ်လို့ပြောတယ်. ဒါပေမယ့် အလုပ်ကိစ္စရှိလို့ စောစောသွားနှင့်မယ်… သားနောက်မှလိုက်လာပေါ့လို့ မှာသွားတယ်..၊ ဒါနဲ့ ကျွန်တော်လည်း ည ရှစ်နာရီခွဲလောက်မှ အေးအေး ဆေးဆေး ထွက်ခဲ့တယ်..။ကျွန်တော် အပြင်ထွက်ပြီး ၅ မိနစ်လောက် လမ်းလျှောက်တော့ မီးပျက်သွားတယ်..၊ ကျွန်တော် နည်းနည်းတော့ကြောက်သွားတယ်..၊ ဒါပေမယ့် စိတ်တင်းပြီး…၊ နာမည်ကြီးတဲ့ ဓမ္မာရုံနားက သစ်ပင်ကြီးကို ကျော်ရင် အောင်မြင်ပြီလို့ စိတ်တင်းပြီး ဆက်လျှောက်ခဲ့တယ်..၊ ပြောရအုံးမယ်. ဓမ္မာရုံနားက သစ်ပင်ကြီးက နာမည်ကြီးဆို အဲဒီနားမှာ စစ်သားဗိုလ်ကြီးတစ်ယောက် ကိုယ့်ကိုယ်ကို သေနတ်နဲ့ သေကြောင်းကြံပြီး သေဖူးတယ်..၊ အဲဒီဗိုလ်ကြီးက မကျွတ်မလွတ်ဖြစ်နေတယ်လို့ တပ်ထဲစရောက်ကတည်းက ကြားဖူးတယ်..၊ တပ်ထဲက လူတိုင်းလည်း သိတယ်..၊ ဒါကြောင့် နာမည်ကြီးတယ် ပြောတာပါ..
အဲဒီသစ်ပင်ကြီးနားရောက်တော့ ကြောက်ကြောက်နဲ့
ဆက်လျှောက်လာခဲ့တယ်..၊ ဒါပေမယ့် ဘာမှ
မထူးခြားပါဘူး..နည်းနည်းကျော်လာမှ… နောက်က လိုက်လာတဲ့
ခြေသံ တစ်စုံ အသံကို ကြားလိုက်ရတယ်..၊ အစက လှည့်မကြည့်ပဲ
ပြေးဖို့စဉ်းစားသေးတယ်..ဒါပေမယ့် ခြေသံ ဟုတ်ချင်မှ ဟုတ်မှာပါလေလို့တွေးပြီး လှည့်ကြည့်လိုက်တော့… လူတစ်ယောက်ကို တွေ့ရတယ်..၊ သဘောကောင်းမယ့်ပုံပဲဗျ…၊ ရုပ်ရည်က သန့်သန့်လေး…၊ ကျွန်တော့်ကို တွေ့တော့ ပြောတယ်..

သားတစ်ယောက်တည်း ညကြီး ဘာလုပ်နေတာလဲ..

မကြောက်ဘူးလား ဘာညာပေါ့… ကျွန်တော်ကလည်း
အဖေတာဝန်ကြပ်ကြီးကျလို့ လိုက်လာကြောင်း. .ပြန်ပြောပြတာပေါ့…၊ စကားပြောရင်း ကျွန်တော်တို့
လမ်းလျှောက်ကြတယ်..၊ ကျွန်တော်က ကျွန်တော် စစ်သားဖြစ်ချင်တဲ့ အကြောင်း..ကြီးလာရင် စစ်ဗိုလ်လုပ်မှာ ဖြစ်တဲ့အကြောင်း ပြောပြတယ်..၊ ကျွန်တော့်ကို သားက စစ်သားဖြစ်ချင်တယ်ဆိုတော့ စစ်သားရဲ့ သစ္စာအဓိဌာန်ရရဲ့လားလို့မေးတယ်..၊ ကျွန်တော်က သစ္စာစောင့်သိမှု၊ အမိန့်နာခံတတ်မှု၊ စိတ်ဓါတ်ခိုင်မာမှုနဲ့ ဇွဲသတ္တိပြည့်ဝမှု အစချီပြီး သစ္စာ အဓိဌာန် (၁၀)ချက်ဆိုပြလိုက်တယ်..၊
ကျွန်တော်လည်း ဒီလိုဆိုပြပြီးရော အဲဒီလူကြီး ချက်ချင်းထိုင်ချလိုက်တယ်..ပြီးတော့ ကျွန်တော့် ပုခုံးကို ကိုင်ပြီး…

သူ့မှာလည်း ကျွန်တော့်အရွယ် သားလေးတစ်ယောက်ရှိကြောင်း၊ သူ့သားကိုလည်း စစ်ဗိုလ် ဖြစ်စေချင်ကြောင်း ပြောရင်း မျက်ရည်တွေ စီးကျလာပါတယ်..၊ ကျွန်တော်က ဦးလေးနာမည်
ဘယ်လိုခေါ်လဲ မေးလိုက်တော့ မျိုးမင်းကိုကို
လို့ပြန်ဖြေပါတယ်..ပြီးတော့ ကျွန်တော့်ကို သွားတော့ သားရေ..၊
မိုးချုပ်နေပြီ..၊ သားအဖေ မျှော်နေတော့မယ်..၊ နောက်ဆို ညနက်ကြီး အပြင်သိပ်မထွက်နဲ့နော်… ဦးက ဒီထိပဲ လိုက်ပို့လို့ရ တော့ ဒီထိပဲ လိုက်ပို့တော့မယ်ဆိုပြီး ပြောပါတယ်..၊

ကျွန်တော် ရောက်ရောက်ချင်းပဲ အဖေ့ကို
ဒီအကြောင်းပြောပြလိုက်တယ်..။ အဖေက အဲဒီဦးလေးနာမည်
ဘယ်လိုခေါ်လဲမေးတော့ မျိုးမင်းကိုကို လို့ ကျွန်တော်
ပြန်ဖြေလိုက်တယ်..၊ အဖေ့မျက်နှာ ချက်ချင်း ပျက်သွားတာ
ကျွန်တော် သတိထားမိလိုက်တယ်…၊ ပြီးတော့ တုန်တုန်ရင်ရင်နဲ့
သားအခု ဘုရားရှိခိုးစမ်းဆိုပြီး ကျွန်တော့်ကို ဘုရားရှိခိုးခိုင်းတယ်…၊ ကျွန်တော်လည်း ကြောင်တောင်တောင် ဘုရား ရှိခိုး လိုက်တယ်..ပြီးတော့ အဖေနဲ့ အတူ အိပ်ယာဝင်ခဲ့တယ်..။

နောက်နေ့မနက်မှ သိရတာက ကျွန်တော်ညက တွေ့ခဲ့တဲ့ ဦးလေးကြီးဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့တဲ့ဗိုလ်ကြီးဖြစ်ကြောင်း သိရပါတယ်.. ကျွန်တော် မယုံလို့ ရုံးခန်းထဲမှာ သူ့ဓါတ်ပုံကို သွားကြည့်လိုက်ပါသေးတယ်…၊ လုံးဝ မလွဲပါဘူး..၊ ရုံးခန်းထဲမှာ ချိတ်ထားတဲ့ ဓါတ်ပုံဟာ ကျွန်တော်တွေ့ခဲ့တဲ့ ဦးလေးကြီးဆိုတာကိုပေါ့…။
ကျွန်တော် ဒီတစ်ကြိမ်တော့ လိပ်ပြာလွင့်ပြီး တစ်ပတ်လောက် အပြင်းဖျားခဲ့ရပါတယ်…။

No comments:

 Blogger

Myanmar CNN