မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Monday, January 27, 2014

ထောင်တွင်းသို့ စိတ်ကြွဆေး တင်သွင်းသူ မိန်းကလေး အမှုမှ ကွင်းလုံးကျွတ်လွတ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ အကျဉ်းထောင် အတွင်းရှိ ဖခင်ဖြစ်သူထံသို့ စိတ်ကြွဆေးပြားများ တင်သွင်းလာသည့် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို ကျိုင်းတုံမြို့နယ် တရားရုံးက ဇန်နဝါရီလ ၂၄ ရက်နေ့တွင် အပြီးသတ် စစ်ဆေးကာ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး ဥပဒေ ၄၇(က)(၁)အရ အမှုမှ အပြီးအပြတ် လွှတ်၍ အုပ်ထိန်းသူ ဆွေမျိုးများထံ ပြန်လည် အပ်နှံရန် အမိန့်ချမှတ်ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူးရဲကြည်က ပြောကြားသည်။

အဆိုပါ မိန်းကလေးငယ်သည် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်က မူးယစ်ဆေးဝါး အမှုဖြင့် ထောင်ဒဏ် ကျခံနေရသော ဖခင်ဖြစ်သူထံသို့ ခုနစ်နှစ်အရွယ် မောင်ဖြစ်သူ နှင့်အတူ ထောင်ဝင်စာ လာတွေ့စဉ် ၎င်းယူဆောင်လာသည့် ပစ္စည်းများကို ရှာဖွေ စစ်ဆေးရာမှ အိုင်အိုဒင်းဆား ထုပ်အတွင်း သိုဝှက် သယ်ဆောင်လာသည့် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွ ရူးသွပ် ဆေးပြား ၁၀ ပြားပါ ၃ ထုပ် စုစုပေါင်း ၃၀ ပြားကို ရှာဖွေ တွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့ စခန်းမှ မယ(ပ) ၅၈/၂၀၁၃၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က) အရ တရားစွဲ တင်ပို့ခံရသူ ဖြစ်ကြောင်း အထက်ပါ ဒုရဲမှူးက ဆိုသည်။


“ကလေးမလေးနဲ့ သူ့မောင်လေးကို သူ့အမေက ထောင်ဝင်စာ သွားတွေ့ဆိုပြီး ပစ္စည်းတွေနဲ့အတူ မူးယစ်ဆေးပြားတွေ ထည့်ပေးလိုက်တော့ ကလေးတွေက ကြားထဲကနေ ဘုမဘိဘမသိ ခံလိုက်ရတာ။ သူ့အမေကတော့ အခင်းဖြစ်ချိန်ကတည်းက ထွက်ပြေး လွတ်မြောက်သွားလို့ တရားခံပြေးအဖြစ် ကြေညာ ထားတယ်။ ကောင်မလေးကို တရားရုံးနဲ့ ရဲတပ်ဖွဲ့ကပါ နောက်ဒီလို မလုပ် အောင် သေချာ ဆုံးမ လွှတ်လိုက်ပါတယ်။ ဇန်နဝါရီလ ၂၆ရက်နေ့ မနက်မှာပဲ သူ့အဒေါ်နဲ့ ရွာကလူကြီးတွေ လက်ထဲ ပြန်အပ်လိုက်ပါပြီ” ဟု ၎င်းက ဆိုသည်။

ကျိုင်းတုံမြို့နယ်၊ လွယ်လုံကျေးရွာ အုပ်စု၊ ကာဝိုးရွာနေ စိတ်ကြွ ဆေးဝါးများ သယ်ဆောင်လာသည့် အသက် ၁၃ နှစ်အရွယ် ထိုမိန်းကလေး၏ ကွင်းဆက် တရားခံဖြစ်သူ မိခင် ဒေါ်ဘူးဒေါ့ကို ကျင့် ၅၁၂ အရ တရားခံပြေးအဖြစ် တရားစွဲ တင်ပို့ထားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ စခန်းထံမှ သိရသည်။

“မူးယစ်ဆေဝါးနဲ့ ပတ်သက်ပြီးတော့ ဒီကလေးမလေးလို နောက်ထပ် ယောက်ျားလေးတစ်ယောက် ရှိသေးတယ်။ ကလေးမလေးကိုတော့ သူ့ဆွေမျိုးတွေက ဒီနေ့ လာခေါ်ပေမယ့် ကောင်လေးကိုတော့ အခုထိ လာမခေါ်ကြသေးဘူး။ တရားခံတွေ ဖြစ်ပေမယ့် ကလေးတွေဆိုတော့ အချုပ်ထဲလည်း ထည့်လို့ မရလို့ ဘာမှ မဖြစ်အောင် နေ့စဉ် မျက်လုံး ဒေါက်ထောက် ကြည့်နေရတယ်။ သူတို့အတွက် အစားအသောက်ကအစ နေ့စဉ် ကျွေးနေရတာ” ဟု ယင်း မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ် ဝင်းမင်းသန့်က ပြောကြားသည်။

The Voice Weekly

No comments:

 Blogger

Myanmar CNN