ရန်ကုန်မြို့တွင် ဖြစ်ပေါ်နေသည့် ယာဉ်ကြော ပိတ်ဆို့မှု များကို အကောင်းဆုံး
ဖြေရှင်း နိုင်ရန် အတွက် ရထား ပို့ဆောင်ရေး ၀န်ကြီးဌာန အနေဖြင့်
ဂျပန်နိုင်ငံမှ အကူအညီ များရယူကာ မြန်နှုန်းမြင့် ရထားလမ်းများကို လာမည့် ၁၀
နှစ်အတွင်း ဖောက်လုပ် တည်ဆောက် သွားမည် ဖြစ်ကြောင်း မီးရထား ၀န်ကြီးဌာန
ပြည်ထောင်စု ၀န်ကြီး ဦးသန်းဌေး က ဖေဖော်ဝါရီ ၅ ရက်က ကျင်းပသည့်
ပြည်ထောင်စု လွှတ်တော် အစည်း အဝေးတွင် ပြောကြား ခဲ့သည်။
ရထား အမြန် လမ်းများကို တည်ဆောက် ရာတွင် မြေအောက် ရထားလမ်း အပါအ၀င်
ကောင်းကင် မြန်နှုန်းမြင့် လမ်းများ ကိုပါ တည်ဆောက် သွားမည်
ဖြစ်ကြောင်းနှင့် ထိုကဲ့သို့ တည်ဆောက်ရန် အတွက် ဂျပန်နိုင်ငံနှင့်
ပူးပေါင်းကာ လေ့လာမှုများ ပြုလုပ် နေပြီဖြစ် ကြောင်း ၎င်းက ဆက်လက် ပြောကြား
ခဲ့သည်။
အဆိုပါ ရထားလမ်းပိုင်းကို ရန်ကုန်မြို့တွင်း အရှေ့အနောက် ၂၀ ဒသမ ၈ ကီလို
မီတာ အရှည် ဖောက်လုပ် ရာတွင် မြေအောက် လမ်း ၁၀ ဒသမ ၅ ကီလိုမီတာနှင့်
ကောင်းကင် လမ်း ၁၁ ဒသမ ၃ ကီလိုမီတာ ပါဝင်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။
ယာဉ်ကြော ပိတ်ဆို့မှုများ ဖြေရှင်းနိုင်ရေး အတွက် မဟာ ရန်ကုန်မြို့ပြ ဘက်စုံ
သယ်ယူ ပို့ဆောင်ရေး စီမံကိန်း လုပ်ဆောင်ရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ
အဖွဲ့နှင့် ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ
(JICA) တို့ ၂၀၁၂ ခုနှစ် စက်တင် ဘာလ အတွင်း သဘောတူ လက်မှတ် ရေးထိုး
ထားကြောင်း ရထား ပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။
ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ အနေဖြင့်
မြန်မာနိုင်ငံရှိ ရထားလမ်းများ အဆင့် မြှင့်တင်ပေးရန်အတွက်
မြန်မာနိုင်ငံသို့ လာရောက်ကာ လေ့လာမှု များကို ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁
ရက်မှစတင်၍ ရန်ကုန်မြို့ရှိ မီးရထားလမ်းပိုင်း များကို လေ့လာကာ စစ်တမ်း
ကောက်ယူမှုများ စတင် ပြုလုပ် ခဲ့သည်။
ရန်ကုန်- မန္တလေး လမ်းပိုင်း ပြုပြင် တည်ဆောက် ပြီးသွားပါက လက်ရှိ
မောင်းနှင် နေသည့် ပြေးဆွဲချိန် ၁၆ နာရီ ကြာမြင့်နေသော် လည်း
နောက်ပိုင်းတွင် ရထား သွားသည့် ကြာမြင့် ချိန်မှာ ၁၂ နာရီသာ ကြာမြင့်မည်
ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ယာဉ်ကြော ပိတ်ဆို့မှုများကို ဖြေရှင်းရန် အတွက် ခုံးကျော်
တံတား များကို တည်ဆောက် ပေးထား သော်လည်း ယာဉ်ကြော ပိတ်ဆို့ မှုကို လက်ရှိ
အချိန် အထိ ဖြေရှင်း ပေးနိုင်ခြင်း မရှိသေးသည့် အတွက် ပြည်သူများ သွားလာရ
လွယ်ကူ စေရန် မြို့ပတ် ရထား များကို ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ
အခေါက်ရေ တိုးမြှင့်ကာ ထပ်မံ ပြေးဆွဲ ပေးနေလျက် ရှိကြောင်း
မြန်မာ့မီးရထားမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ကံထူး/
မြဝတီ
No comments:
Post a Comment