ရွှေပြည်သာမြို့နယ် (တညင်းကုန်းတံတား) နှင့် ၀ါးတစ်ရာကျေးရွာ အကြား လှိုင်မြစ်အတွင်းမှ မိကျောင်း နှုတ်သီးနှင့် အလွန်မာကျောသော အကြေးခွံများ ပါဝင်သော အရှည်လေးပေခွဲခန့် ငါးကြီးတစ်ကောင်ကို ဇန်န၀ါရီ ၁၉ ရက်က ဖမ်းဆီးရမိခဲ့ရာ ယင်းငါးမျိုးစိတ်သည်မြန်မာ့
ရေပိုင်နက်အတွင်း နေထိုင်ကျက်စားလေ့ရှိသော ငါးမျိုးစိတ် မဟုတ်ကြောင်းနှင့်
တောင်အမေရိကတိုက် အမေဇုန်မြစ် အတွင်းတွင် စတင်တွေ့ရှိခဲ့ရသည့်
အယ်လီဂေတာဂါးဖစ်ရှ် (ခေါ်) မိကျောင်းနှုတ်သီးနှင့် ငါးဖြစ်ကြောင်း
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင် က
ဇန်န၀ါရီ ၂၃ ရက်၌ ရှင်းလင်းပြောဆိုခဲ့သည်။
' ဒီလိုငါးမျိုးစိတ်ကို ကျွန်တော်ကိုယ်တိုင်လည်း မမြင်ဖူးခဲ့ဘူး။
မြန်မာနိုင်ငံမှာ တွေ့ရှိမှတ်တမ်းတင်ထားတဲ့ ငါးမျိုးစိတ်ပေါင်း ၁၀၀၀ ကျော်ထဲမှာလည်းမပါတဲ့အတွက် ပညာရှင်တွေကို
ပြသစုံစမ်းတဲ့အခါမှာ ဒီငါးမျိုးစိတ်ဟာ တောင်အမေရိကတိုက်
အမေဇုန်မြစ်အတွင်းမှ စတွေ့ခဲ့ရပြီး အလှမွေးတဲ့ငါးမျိုးစိတ်အဖြစ်
ကမ္ဘာမှာပျံ့နှံ့ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ် ' ဟု ဇန်န၀ါရီ ၂၃ ရက်
မွန်းတည့် ၁၂ နာရီက ရန်ကုန်မြို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်
အဆောက်အအုံတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ဦးဝင်းကြိုင်က
ရှင်းလင်းပြောဆို ခဲ့ခြင်းဖြစ်သည်။
' ဒီငါးမျိုးစိတ်ဟာ မြန်မာ့ရေပိုင်နက်မှာ ရှိရမယ့် ငါးမျိုးစိတ်မဟုတ်တဲ့
အတွက် ကျွန်တော်တို့အနေနဲ့သုံးသပ်မိတာကတော့ နိုင်ငံခြားသားသော်
လည်းကောင်း၊ နိုင်ငံသားတစ်ဦးတစ်ယောက် သော်လည်းကောင်း အလှမွေးငါး
ဝါသနာပါတဲ့ တစ်စုံတစ်ယောက်က အလှမွေးငါးအဖြစ် ယူဆောင်ထိန်းသိမ်းထားရင်းက
လွတ်သွားသလား၊ လွှတ်လိုက်သလားဆိုတဲ့ အခြေအနေကိုပဲ လောလောဆယ်
သုံးသပ်လို့ရပါတယ် ' ဟု ဦးဝင်းကြိုင်ကပင် ဆက်လက်ပြောဆိုခဲ့သည်။
အဆိုပါ မိကျောင်းနှုတ်သီးနှင့်ငါးကို ဇန်န၀ါရီ ၁၉ ရက်တွင် လှိုင်မြစ်အတွင်း
ရွှေပြည်သာမြို့နယ်နှင့် ၀ါးတစ်ရာ ကျေးရွာ အကြား၌ မျှောပိုက်ချထားသည့်
တံငါတစ်ဦးက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၀ါးတစ်ရာဆိပ်ကမ်းရှိ
ငါးဒိုင်တစ်ခုတွင် ရောင်းချခဲ့ရာ ဂမုန်းပွင့် အမွှေးတိုင်လုပ်ငန်းနှင့်
လယ်ယာလုပ်ငန်းများ လုပ်ကိုင်သူ ကိုညီမင်းထွဋ် က
ငွေကျပ်ငါးသောင်းဖြင့်ဝယ်ယူကာ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်သို့
လာရောက်ပြသခြင်း ဖြစ်သည်။ ၎င်းဝယ်ယူအပြီး မကြာခင်
ယင်းမိကျောင်းနှုတ်သီးနှင့်ငါးမှာ သေဆုံးခဲ့ကြောင်းသိရသည်။
စံတော်ချိန် နေ့စဉ်သတင်းစာ
Aye Chan Mon# Credit To : The Mirror Daily> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
No comments:
Post a Comment