ဇာတ်သဘင်နဲ့
သရုပ်ဆောင်မှုအနုပညာ ၂ခုလုံးမှာ ပရိသတ်အားပေးခြင်းကို ရရှိခဲ့သလို
ကိုယ်ကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် နေရာတစ်နေရာမှာ
အခိုင်အမာရပ်တည်ထားနိုင်သူကတော့ ကျော်ကျော်ဗိုပါ။ သူ့ရဲ့ အနုပညာပေါ်
သက်ဝင်ယုံကြည်မှုတွေဟာ စူးရှသလို အနုပညာပေါ်စိတ်ဓာတ်ပြင်းထန်လှတဲ့ သူ့ရဲ့
ခံစားချက်တွေကြောင့်လဲ အောင်မြင်လာခဲ့ရသူပါ။ လက်ရှိအနုပညာလှုပ်ရှားမှုနဲ့
ပတ်သက်ပြီး သူက
‘အခု အိမ်ကွင်း အဝေးကွင်း’ဆိုတဲ့ ကားလေးကို
မင်းသမီးခိုင်နှင်းဝေ၊ ဒါရိုက်တာပြည်ဟိန်းသီဟနဲ့ ရိုက်ကူးနေပါတယ်။
ဒီကားထဲမှာ ကိုကြံ့က ဒါရိုက်တာပေါ့နော်။ အမျိုးသမီးကခိုင်နှင်းဝေပေါ့။
သူကပုံတုံးကြီး၊ ယောင်္ကျားကိုလဲ အရမ်းသ၀န်တိုတယ်။ ပရိသတ်ကြိုက်မယ့်
ဟာသကားလေးပါပဲ။’ လို့သူကပြောပါတယ်။
ကျော်ကျော်ဗိုဟာ
ဘောလုံးဝါသနာရှင်တစ်ဦးဖြစ်တာကြောင့် ပြည်ပဘောလုံးခရီးစဉ်တွေနဲ့
ပတ်သက်ပြီးတော့လည်း မေးမြန်ဖြစ်ခဲ့ပါတယ်။ ‘ပြည်ပဆို
ကိုကြံ့မလိုက်ဖြစ်တာများတယ်။ ကားရိုက်တွေနဲ့မအားလို့လေ။ ပြည်ပရော၊
ပြည်တွင်းရော မကန်ပေးဖြစ်ဘူးဖြစ်နေတယ်။ ဘောလုံးမကန်ဖြစ်တာ
တော်တော်ကိုကြာနေပြီ။ ၅လလောက်ရှိနေပါပြီ’တဲ့။
ဇာတ်သဘင်နဲ့
သရုပ်ဆောင်မှု ၂ခုကြားက ကိုကြံ့ရဲ့ ရပ်တည်မှုကိုတော့ ‘ကိုကြံ့က အဓိက
ကအနုပညာသမားတစ်ယောက်အနေနဲ့ ရပ်တည်နေတာပါပဲ။ ဆိုင်းသံကြားလဲ ဇာတ်ကချင်တာပဲ။
ဂစ်တာသံကြားလဲ သီချင်းဆိုချင်တာပဲ။ ကင်မရာရှေ့ရောက်လဲ သရုပ်ဆောင်ချင်တာပဲ။
ကိုကြံ့ကတော့ အနုပညာသမားတစ်ယောက်ဖြစ်နေရတာကိုပဲ ကျေနပ်တာပါ’လို့
ပြောပြခဲ့ပြန်ပါတယ်။ ပရိသတ်ရဲ့ အားပေးမှုနဲ့ ပတ်သက်ပြီးတော့လည်း သူက
‘ဟာသနဲ့လိုက်တယ်ဆိုတာက ဟာသကား တွေပိုကြည့်နေကြတာကိုး။ ကိုကြံ့က ဒရမ်မာရော၊
ဖန်စီရောနည်းတယ်။ အဓိက ကတော့ ပရိုဂျူဆာတွေက ပေးလာတဲ့ဇာတ်က
ဟာသတွေဖြစ်နေတဲ့အတွက် ပရိသတ်တွေနဲ့ အာသီသဖြစ်တဲ့အချိန်၊
အံဝင်နေတဲ့အချိန်လို့ပြောလို့ရတာပေါ့နော်။ အမြဲတမ်းလဲ
ခေါက်ဆွဲကြော်စားနေလို့မှမရတာ။ တစ်နေ့နေ့ကျရင်တော့
အပြောင်းအလဲဖြစ်ချင်ကြတာပဲပေါ့နော်။ ဟာသကြီးပဲ
တသက်လုံးသွားဖို့အစီအစဉ်မရှိပါဘူး။’ လို့သူ့ရဲ့ ခံစားချက်ကိုပြောလာပါတယ်။
အနုပညာနဲ့ပတ်သတ်တဲ့ ဖန်တီးမှုတွေကိုလဲ အနုပညာဆိုတာ
ဖန်တီးလို့မကုန်တဲ့အထဲမှာပါတယ်။ အတွေး၊ စိတ်ကူး၊ အယူအဆတွေနဲ့
ရှုတင်တစ်ခုပေါ်ရောက်လာတဲ့အခါ ကိုကြံ့တို့ရဲ့စိတ်တွေဟာ အနုပညာဆန်သလို
ဖန်တီးမှုတိုင်းဟာရသမြောက်နေရမယ်။ ဒါရိုက်တာလုပ်ဖို့စိတ်ကူးမရှိသလို
ပူးပေါင်းလုပ်နေရတဲ့ အရာတစ်ခုတော့ရှိနေပါတယ်။ သရုပ်ဆောင်တစ်ယောက်ထက်ပိုတဲ့
အနုပညာဖန်တီးမှုတွေကိုတော့ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဆိုလိုချင်တာက
သရုပ်ဆောင်တစ်ခုတည်းမဟုတ်ဘဲ၊ ကင်မရာပိုင်းဆိုင်ရာ၊
မီးပိုင်းဆိုင်ရာတွေမှာလဲ
အားလုံးပူးပေါင်းတိုင်ပင်ဆွေးနွေးပြီး၊လုပ်ကိုင်နေပါတယ်တဲ့။
ရုပ်ရှင်လောကနဲ့ပတ်သတ်ပြီး
ဖြစ်စေချင်တဲ့ ဆန္ဒကိုကိုယ်တစ်ယောက်တည်းပြောပြီး၊
ကိုယ်တစ်ယောက်တည်းရုန်းလို့မှမရတာ၊ အားလုံးစိတ်တူ၊
ကိုယ်တူနဲ့ရုန်းမှရမှာဖြစ်တဲ့အတွက် စကားအဖတ်တင်ခံပြီး ပြောမနေတော့ပါဘူး။
ခေတ်ဆိုတာ ပြောင်းလဲနေတဲ့အတွက် ပိုနေမြဲ၊ ကြားနေမြဲဆိုရင်တော့
ကျန်ခဲ့မှာပဲ။ အဲဒီအတွက် ခေတ်နောက်ကျ မကျန်ခဲ့အောင်
ကြိုးစားရမဲ့အပိုင်းကလဲရှိနေသေးတယ်။ သူများတွေစက်နဲ့လှော်နေချိန်မှာ၊
ကိုယ်က လက်နဲ့လှော်နေရင်တော့ ကိုယ်ကျန်ခဲ့မှာပဲ။ အဲဒီအတွက်အစစအရာရာမှာ
ကြိုးစားနေရမယ်လို့ ပြောပြခဲ့ပါတယ်။
အခုရောက်ရှိနေတဲ့နေရာတစ်နေရာအတွက်လဲ
‘ကိုကြံ့ကတော့နေရာတစ်နေရာမှာ
အသေထိုင်နေချင်တဲ့လူစားမျိုးတော့မဟုတ်ဘူး။ကိုကြံ့တတ်သလောက်၊ မှတ်သလောက်၊
ဖန်တီးနိုင်သလောက်တော့ ကြိုးစားသွားမှာပါ။
ဇာတ်လမ်းတွဲများနဲ့ပတ်သတ်ပြီးတော့လဲ နိုင်ငံတကာကို
ထိုးဖောက်နိုင်လိမ့်မယ်လို့တော့ ကိုကြံ့မပြောလိုပါဘူး။ ဒါပေမဲ့
တစ်ဆင့်ချင်းစီ သွားရမဲ့အပိုင်းမှုာရှိတယ်။ နိုင်ငံတကာဆိုရင်
အခုရိုက်နေတဲ့ကားတွေက နိုင်ငံတကာကို ၀င်ဆန့်နိုင်ရမယ်။
ကိုရီးယားဇာတ်လမ်းတွဲတွေကို ပရိသတ်ကြိုက်ကြတယ်ဆိုတာလဲ
သူတို့ကိုအပြစ်သွားပြောလို့မရဘူး။ ကိုရီးယားကားတွေကို ကြည့်ကြတယ်ဆိုတာလဲ
သူတို့မမြင်ဘူးတဲ့ ကင်မရာရိုက်ချက်၊ ဆင်ဆာလွတ်လပ်ခွင့်၊ ဇာတ်အိမ်အနေအထား၊
အသေးစိတ်ပြောရင်တော့ အရှည်ကြီးဖြစ်သွားလိမ့်မယ်။
ကိုရီးယားနဲ့မြန်မာနိုင်ငံနဲ့ကို
အခုချိန်မှာနှိုင်းယှဉ်လို့တော့မရသေးပါဘူး။’ လို့ပြောပြသွားခဲ့ပါတယ်။
Trend Myanmar
No comments:
Post a Comment