မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Monday, December 23, 2013

နံပါတ် (၁) နေရာမှာ နှစ်ယောက်ရှိနေရင် တစ်ယောက်ကို ကံတရားက ရွေးချယ်ပေးသွားလိမ့်မယ်လို့ ပြောတဲ့ လူမင်း

ရုပ်ရှင်အစည်းအရုံးဥက္ကဌ လဲဖြစ်သလို ဇာတ်ကားရိုက်ကူးမှုတွေနဲ့ ကြော်ငြာတွေအပြင် ဒါရိုက်တာအလုပ်ပါ တွဲဖက်လုပ်ကိုင်လာတဲ့ အန်ကယ်လေးလို့ ချစ်စနိုးခေါ်ကြတဲ့ လူမင်းနဲ့ အကယ်ဒမီပေးပွဲနဲ့ ပတ်သက်ပြီး ပြောဖြစ်ခဲ့တာတွေကတော့
-အခု ရိုက်နေတဲ့ ဇာတ်ကားလေးအကြောင်းကို အရင်ဆုံးပြောပြပေးပါဦး။
အခုရိုက်နေတဲ့ ကားလေးကတော့ စပွန်ဆာပျိုပျိုနှင့် အော်စကာကိုကိုတဲ့။ ဟာသကားလေးပါပဲ။ မင်းသမီးက ရွှေမှုန်ရတီ၊ ဒါရိုက်တာက ပြည်ဟိန်းသီဟပါ။ ၂ ယောက်စလုံးရဲ့ ဘ၀တွေက အရမ်းကို ကြမ်းတမ်းတယ်။ ချမ်းသာချင်ကြတယ်။ အဲဒီအတွက် အိုက်တင်တွေကောင်းပြီး ကောင်မလေးကလဲ စပွန်ဆာရှာချင်လို့ချမ်းသာချင်ယောင်ဆောင်တဲ့ ဟာသကားလေးပါပဲ။
-မော်ကင်းဥဒါန်းနဲ့ပတ်သတ်ပြီး ပရိသတ်တွေက အစ်ကို့ကို အကယ်ဒမီမှန်းပေးနေကြတယ်နော်။
အမှန်တိုင်းပြောရရင် ရိုက်တုန်းကတော့ မှန်းပြီးရိုက်ခဲ့တာ မဟုတ်ဘူး။ ပွဲချိန်နီးလို့ အဲလိုတွေပြောလာတယ် ဆိုတော့လဲ အကယ်ဒမီကို လိုချင်လာတာပေါ့။
-အန်ကယ်လေးအနေနဲ့ ရခဲ့မယ်ဆိုရင် ကိုယ့်ရဲ့ အနုပညာတွေ မော်ကင်းဥဒါန်းဇာတ်ကားမှာ အရာထင်ခဲ့တယ်လို့ပြောရမှာပေါ့နော်။

ရခဲ့မယ်ဆိုရင်လဲ ကိုယ့်အနုပညာနဲ့ထိုက်တန်လို့ရတယ်လို့ပဲ ထင်မိမှာပါ။
-ဒီနှစ် အကယ်ဒမီပေးပွဲအပေါ် အန်ကယ်လေးရဲ့အမြင်က ဘယ်လိုရှိလဲ။
ဒီနှစ်က ပြန်ကြားရေးဝန်ကြီးဌာနကပဲ ဦးစီးပြီးတော့ ကျင်းပပေးတဲ့ အကယ်ဒမီပွဲပါပဲ။ ဒီနှစ် ထူးခြားချက်က ကိုယ်တို့ရုပ်ရှင်အစည်းအရုံးရဲ့ ဆန္ဒတွေပါ ပါဝင်တင်ဆက်ခွင့်၊ လုပ်ပိုင်ခွင့်တွေ တော်တော်များများ ရတဲ့နှစ်လို့ပြောလို့ရပါတယ်။ ကိုယ်တိုင်လဲ ဥက္ကဌအဖြစ် တာဝန်ယူနေစဉ် အတွင်းမှာ ကျင်းပတဲ့ ပွဲလေးဖြစ်တဲ့အတွက် အရင်အရင်နှစ်တွေရဲ့ အားနည်းချက်တွေကို ကြိုးစားပြီးပြင်ထားတယ်။
-အရင်နှစ်က အကယ်ဒမီပေးပွဲအပေါ် ပရိသတ်စိတ်ဝင်စားမှုနည်းရခြင်းက ဘာကြောင့်လို့ထင်လဲ။
အခု ဒီနှစ်ဆိုရင်လဲ အရင်တုန်းက အားနည်းချက်တွေကို ကြိုးစားပြီး ပြင်ဆင်ထားပါတယ်။ ပရိသတ်တွေ စိတ်ဝင်စားလာအောင်တော့ ကိုယ်တို့အတတ်နိုင်ဆုံး တင်ဆက်ရမှာပေါ့နော်။
-ဒီနှစ်ကပြည်ပက အနုပညာရှင်တွေပါ ဖိတ်ကြားထားတာဆိုတော့ အန်ကယ်လေးအနေနဲ့ တာဝန်ကြီးတယ်လို့ရောမြင်မလား။
တာဝန်ကြီးတယ်လို့တော့ မထင်မိပါဘူး။ ကြီးတယ်လို့သတ်မှတ်ရင်လဲရပါတယ်။ ကိုယ်တို့ အနုပညာလောကရဲ့ အထင်ရှားဆုံးပွဲတော်တစ်ခုဆိုရင်လဲ မမှားဘူးလေ။ ကိုယ်တိုင်က အစည်းအရုံးရဲ့ ဥက္ကဌဖြစ်နေတဲ့အတွက် အသေးစိတ်ကအစ ပြင်ဆင်နေရတယ်ပေါ့။
-အကယ်ဒမီထူးချွန်ဆုရွေးချယ်တဲ့အပိုင်းနဲ့ပတ်သတ်ပြီး အနုပညာရှင်အချို့ က ထူးချွန်တဲ့ သူတွေပဲရွေးချယ်သင့်တယ်လို့ပြောကြတဲ့စကားအပေါ် အန်ကယ်လေးရဲ့ အမြင်က။
မှန်ပါတယ်။ ထူးချွန်တဲ့သူတွေပဲ ရွေးရမယ်။ ပြီးတော့ တကယ်ထူးချွန်တဲ့သူတွေပဲရသင့်တယ်။ ရွေးချယ်တဲ့အပိုင်းကလဲ ကိုယ်တို့ရဲ့ ၀ါရင့်  အနုပညာရှင်၊ အတတ်ပညာရှင်ကြီးတွေကပဲ စီစစ်ရွေးချယ်ပြီးတော့ စာရင်းကို ထုတ်ထားတာပေါ့နော်။ ကိုယ်တို့ပြန်ကြားရေးဝန်ကြီးတွေအနေနဲ့လဲ ဘာကိုမှပြောင်းလဲပြင်ဆင်မှာ မဟုတ်ဘူးလို့လဲကိုယ်တို့ကိုပြောထားပါတယ်။ အရင်နှစ်တွေတုန်းက ဌာနဆိုင်ရာဆန်တာပေါ့နော်။ ဌာနဆိုင်ရာမဆန်တော့ဘူးမဟုတ်ဘူး။ အရိပ်အငွေ့လေးတော့ ကျန်ဦးမှာပေါ့နော်။ ဒါပေမဲ့ ကိုယ်တို့ဖန်တီးပြင်ဆင်တင်ဆက်ချင်တဲ့ လုပ်ပိုင်ခွင့်လေးတွေတော့ ရတယ်။
-ပွဲမှာဝတ်မဲ့ ပိုးထည်ကသိရပြီလားမသိဘူး။
ပိုးထည်က မန္တလေးက ဒေါ်စောရှင်ပါ။ ဒီဇိုင်နာက မသဲ(VIVID) ၊ ဖိနပ်က ဆင်ကိုးကောင်၊ တိုက်ပုံက Liberal ပါ။ ကိုယ်က အရောင်ကို မရမ်းဆီရောင်လေးရွေးထားတယ်။ ဒီနှစ်က ကလေးတွေကို မခေါ်တော့ဘူး။ ကိုယ်ကပြေးရလွှားရမှာတွေရှိတော့ ကလေးတွေတော့မခေါ်တော့ဘူး။
-အကယ်ဒမီဆိုတာနတ်ကြီးသလို ရခြင်းမရခြင်းလဲရှိတဲ့အခါကျတော့ အန်ကယ်လေးအနေနဲ့ ဘယ်လိုပြင်ဆင်ထားလဲ။
မရရင်လဲအထူးတလည် ကိုယ်ခံစားရမှာမဟုတ်ပါဘူး။ အရင်နှစ်တွေကလဲ သတင်းကြီးပြီး နီးတဲ့အထိ လွဲတဲ့နှစ်တွေလဲ ကိုယ်အများကြီးကြုံခဲ့ဖူးတယ်ဆိုတော့ ကံတရားနဲ့လဲဆိုင်တယ်ပေါ့။ တခါတလေ ကိုယ်တို့လောကမှာပြောလေ့ပြောထရှိတာက တကယ်အရည်အချင်းရှိတဲ့သူတွေ မရဘဲ ကျန်ခဲ့တယ်လို့ ပြောတယ်ပေါ့။ ဒါမျိုးလေးတွေရှိတယ်ပေါ့။ နံပါတ်၁ ဆိုတာ တစ်ယောက်ပဲ ရှိသင့်တယ်။ ၂ ယောက်ဖြစ်နေရင် ကံတရားက ရွေးချယ်ပေးသွားတာဆိုတော့ အဲဒီအတွက် ဘယ်သူရရပါ။ ကိုယ်ရမဲ့ ဆုတခြားသူရသွားတဲ့အတွက်မနှစ်ကဆိုရင် ကိုယ်နဲ့ဦးမော့စ်နဲ့ ၂ယောက်မှာ ဦးမော့စ်ရသွားတယ်။ ကိုယ်ကျေနပ်တယ်။ ကိုယ်ရတာထက်တောင် ကြည်နူးမိသေးတယ်။ ကိုယ်တို့အတွက် က ရွေးချယ်စရာတွေ ကျန်သေးသလို ကြိုးစားခွင့်တွေ ရှိသေးတယ်။ သူတို့အတွက်က ကြိုးစားခွင့်တွေနည်းတယ်ပေါ့နော်။ သူမဆုံးခင်လေးမှာ ရသွားတဲ့အတွက် သူအရမ်းမျှော်လင့်နေတဲ့အရာလေး ပြည့်စုံသွားတဲ့အတွက် ကိုယ်ကဖြေနိုင်တယ်
Trend Myanmar

No comments:

 Blogger

Myanmar CNN