မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Saturday, December 28, 2013

အန်အယ်လ်ဒီ ၂၀၁၅ ရွေးကောက်ပွဲ ၀င်ပြိုင်မည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံပါ အချက်ပေါင်း ၁၆၈ ချက်ကို ပြင်ဆင်ဖို့ လွှတ်တော်ကော်မတီထံ အကြံပြုတင်ပြဖို့ရှိပြီး ၂၀၁၅ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ အန်အယ်လ်ဒီက ပြောကြားလိုက်ပါတယ်။
 ဒီနေ့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ အဖွဲ့ချုပ် ဗဟိုကော်မတီအစည်းအဝေးအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အန်အယ်လ်ဒီ ရွေးကောက်ပွဲဝင်/မ၀င် ဆိုတာနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဦးဥာဏ်ဝင်းက အခုလို ပြောကြားလိုက်တာပါ။
“ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲ မဝင်ဘူးလို့ပြောတဲ့ အဓိပ္ပာယ်မဟုတ်ဘူး။ သဘောတရားအရ ဒီလို အခြေအနေမျိုးမှာ ရွေးကောက်ပွဲ ဝင်ချင်စရာမရှိဘူးလို့ ဒီလို idea ကို ပြောတာဖြစ်တယ်။ မဝင်ဘူးလို့ ပြောတာမဟုတ်ဘူ။ ဒီထင်ပိုပြီးတိကျအောင်ပြောရင် ၂၀၁၅ ရွေးကောက်ပွဲ အန်အယ်လ်ဒီက ဝင်ကို ဝင်မယ်။ ကျနော်တို့ ဒီလိုအခြေအနေမှာ မပြင်ဘဲနဲ့ ရွေးကောက်ပွဲ ၀င်ဖို့ မသင့်ဘူးဆိုတာ သဘောတရားအရ ဒေါ်စုက ပြောခဲ့တာ။ အန်အယ်လ်ဒီ ၀င်ဖို့ ဒီနေ့အစည်းအဝေးက ဆုံးဖြတ်တာ မဟုတ်ဘူး။ အန်အယ်လ်ဒီဝင်ဖို့က ဒီထက်စောပြီး ကျနော်တို့ ဆုံးဖြတ်ပြီးသား။ ဒါကြောင့် ၀င်ဖြစ်အောင် ၀င်မယ်လို့ ပြောတာပါ။”

ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ပြင်ဆင်ချက် ၁၆၈ ချက် လွှတ်တော် ကော်မကို တင်ပြမယ့်အခြေအနေနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီပြောခွင့်ရ ဦးဝင်းမြင့်က အခုလို ရှင်းလင်း ပြောကြားခဲ့ပါတယ်။
“အချက်ပေါင်း ၁၆၈ ချက်ရှိပါတယ်။ ကျနော်တို့ ပြင်ထားတဲ့ အခန်းပေါင်းက ၁၄ ခန်း ရှိပါတယ်။ အဲဒီမှာ နိုင်ငံတော် အခြေခံမူနဲ့ ပတ်သက်ပြီး အခန်း ၁ ကို ၉ ချက် ကျနော်တို့ ပြင်ထားတယ်။ အခန်း ၃ နိုင်ငံတော် သမ္မတနဲ့ ဒုတိယ သမ္မတ အခန်းကို ကျနော်တို့ ၂၃ ချက်ပြင်ထားတယ်။ အခန်း ၄ ဥပဒေပြုရေးမှာ ၁၈ ချက်ပြင်တယ်။ အခန်း ၅ အုပ်ချုပ်ရေးမှာ ၅၄ ချက်ပြင်တယ်။ အခန်း ၆ တရားစီရင်ရေးမှာ ၃၂ ချက်ပြင်တယ်။ အခန်း ၇ တပ်မတော် ကဏ္ဍမှာ ၂ ချက်ပြင်တယ်။ အခန်း ၈ နိုင်ငံသားတိုင်း မူလအခွင့်အရေးနဲ့ တာဝန်မှာ ၃ ချက်ပြင်တယ်။ အခန်း ၉ ရွေးကောက်တင်မြှောက်ခြင်းမှာ ၁၀ ချက်ပြင်တယ်။ အခန်း ၁၀ နိုင်ငံရေးပါတီများမှာ ၃ ချက်ပြင်တယ်။ အခန်း ၁၁ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်မှာ ၄ ချက်ပြင်တယ်။ အခန်း ၁၂ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအတွက် ၂ ချက်ပြင်တယ်။ အခန်း ၁၃ နိုင်ငံတော်အလံ ချီးမြှင့်ခြင်းမှာ ၁ ချက်ပြင်တယ်။ အခန်း ၁၄ ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်မှာ ၆ ချက်ပြင်တယ်။ အခန်း ၁၅ အထွေထွေ ပြဋ္ဌာန်းချက်မှာ ၁ ချက်ပြင်တယ်။
 ၂၀၁၅ ရွေးကောက်ပွဲဟာ တရားမျှတမယ်လို့ ထင်ပါသလားဆိုပြီး သတင်းထောက်တဦးရဲ့ မေးမြန်းချက်ကိုလည်း ဦးဥာဏ်ဝင်းက အခုလို ဖြေကြားခဲ့ပါတယ်။
“တရားမျှတမှုအတွက်တော့ ကျနော်တို့ သံသယရှိတယ်။ လွတ်လပ်မှုတော့ ရှိကောင်းရှိလိမ့်မယ်။ လွတ်လွတ်လပ်လပ် မဲသွားပေးလို့တော့ ရမယ်။ ဒါပေမယ့် မဲသွားပေးတဲ့သူတွေအပေါ် တရားမျှတမှု ရှိမရှိဆိုတာကိုတော့ စဉ်းစားရမယ်။ ကျနော်တို့ ကြားဖြတ်ရွေးကောက်ပွဲတုန်းကလိုပဲ သုတေသန သမားတွေလည်းရှိတယ်၊ ဆာဗေးလုပ်တဲ့သူတွေလည်း ရှိတယ်။ ဒီလူတွေကတဆင့် ရရှိတဲ့ သတင်းအချက်အလက်ပေါ်မှာ ကျနော်တို့ ကိုင်တွယ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အဖွဲ့ချုပ်အနေနဲ့ ၂၀၀၈  ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြန်လည်ပြင်ဆင်ရေး ဆုံးဖြတ်ခဲ့တဲ့အခြေအနေကိုလည်း ဦးဥာဏ်ဝင်းက အခုလိုပြောပါတယ်။
“ကျနော်တို့ ပြန်လည်ပြင်ဆင်ရေး၊ သို့မဟုတ် အသစ်ရေးဆွဲရေးအတွက် ကျနော်တို့ ကော်မတီဖွဲ့ပြီးကတည်းက ကျနော်တို့ရဲ့ လုပ်ငန်းတွေမှာ တိုင်းရင်းသားပါတီတွေ ပါဝင်အောင် ကျနော်တို့ ဆောင်ရွက်ပါတယ်။ ပါလည်း ပါဝင်ခဲ့ပါတယ်၊ ဒါက တပိုင်းပါ။ ပြန်လည်ပြင်ဆင်ရေးနဲ့ အသစ်ရေးဆွဲရေးကလည်း ဘာကွာလဲဆိုရင် အဓိက လက်တွေ့ကျကျ လုပ်လို့ရတယ်၊ မရတယ်ဆိုတာကို ကျနော်တို့ စဉ်းစားတယ်။ အန်အယ်လ်ဒီက ပြင်ဆင်ရေးဟာ အခန်း ၁၂ မှာ တခါတည်းပါပြီးသား။ ခက်ခဲတာ၊ မခက်တာက တကဏ္ဍ။ ပြင်ဆင်ရေးရှိတဲ့အတွက် ဥပဒေလမ်းကြောင်းအတိုင်း ဥပဒေနဲ့အညီ ဆောင်ရွက်တာကို ကျနော်တို့ ရွေးလိုက်တာ။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌက သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နဲ့ တွေ့ဆုံဖို့ မေတ္တာရပ်ခံစာ ပေးပို့ထားတဲ့အခြေအနေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်ကိုလည်း ဦးဥာဏ်ဝင်းက အစိုးရဘက်က ဘာမှ အခုချိန်ထိ အကြောင်းမပြန်သေးဘူးလို့ ပြောပါတယ်။
အဖွဲ့ချုပ်အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေး ပြည်သူ့ဆန္ဒရယူပွဲတွေကို တနိုင်ငံလုံးအနှံ့ ကျင်းပပြုလုပ်ခဲ့ပြီး အများစုက ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆွဲရေးကို ဆန္ဒမဲပေးခဲ့ကြပါတယ်။



No comments:

 Blogger

Myanmar CNN