မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Wednesday, December 18, 2013

““သူ့ရဲ့ အတ္တရယ်၊မာနရယ်၊ ဒေါသရယ်ကြောင့် ကျွန်တော်တို့ ဒီလိုဖြစ်သွားတာ””

တိုက်စစ်မှူး ကျော်ကိုကိုနှင့် အင်တာဗျူး

အင်ဒိုနီးရှားနှင့် ယှဉ်ပြိုင်ကစားရသည့်   အုပ်စုတက်ရေး  သေရေးရှင်ရေးပွဲတွင် အားထားရသည့် တိုက်စစ်မှူး  ကျော်ကိုကိုကို နည်းပြက ပွဲထွက် ၁၁ ယောက်စာရင်းမှ ချန်လှပ်ခဲ့သည်။
ပတ်ဆောင်ဟွာနှင့် မြန်မာကစားသမားများကြား ဆက်ဆံရေး၊ အ၀တ်လဲခန်းအတွင်း ပြဿနာများကို 7Day Daily သတင်းစာနှင့် တွေ့ဆုံစဉ် ကျော်ကိုကိုက ရှင်းပြခဲ့သည်။
တွေ့ဆုံမေးမြန်းမှု အမေးအဖြေအချို့ကို ဖော်ပြလိုက်ပါသည်။


ပတ်ဆောင်ဟွာပြောသလို Head to Head စည်းမျဉ်းကို သူတကယ်မသိခဲ့ဘူးဆိုတာ ဟုတ်ရဲ့လား။
ကျွန်တော့်အထင်ကတော့ မဟုတ်ဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ ဥက္ကဋ္ဌ(ဦးဇော်ဇော်)ရော ရှိတယ်။ မနက်၊ ညနေ၊ အချိန်ပြည့် ထိုင်းနှင့် ပွဲပြီးကတည်းကပေါ့။ ထိုင်းနှင့် ပွဲပြီးပြီးချင်းကို ကျွန်တော်တို့ အုပ်စုတက်ပြီ၊ မတက်ဘူးဆိုတာကို ရှိသမျှ ကစားသမားတွေအကုန်လုံး ငြင်းခုံနေကြတာပေါ့။ အဲဒီအချိန်မှာ အကုန်လုံးနီးပါးပြောနေကြတာက ငါတို့ ဂိုးကွာခြားချက်က အဓိကမဟုတ်တော့ဘူး။ ထိပ်တိုက်တွေ့ဆုံမှုပဲ ကြည့်မှာ။ နိုင်တဲ့အသင်းကတက်မှာဆိုပြီး ကစားဖော်တွေအကုန်လုံးလည်းသိတယ်။ နည်းပြတွေအကုန်လုံးလည်း သိတယ်။ သူတစ်ယောက်တည်းမသိဘူးဆိုတာကတော့ ရှောင်လွှဲချက်တစ်ခု ပေးလိုက်တယ်လို့ပဲ ကျွန်တော်ထင်တယ်။

ပွဲမစခင် အစ်ကိုနဲ့ ပြဿနာဖြစ်လို့ ကိုကောင်းစည်သူကို ပွဲထုတ်တယ်ပြောတယ်။ ပွဲမစခင် ဘာတွေဖြစ်ကြတာလဲ။
သူ့ရဲ့ အတ္တရယ်၊ မာနရယ်၊ ဒေါသရယ်ကြောင့် ကျွန်တော်တို့ ဒီလိုမျိုးဖြစ်သွားတာ။ အသင်းလေးက အရမ်းကောင်းနေတယ်။ ဘယ်လိုဖြစ်သွားလဲဆိုတော့ သူ က ၄-၂-၃-၁ ဆိုပြီး ကစားကွက်ချလိုက်တယ်။ ချလိုက်တဲ့အပြင်မှာကို ကျွန်တော့်ကို နောက်တန်းထိ ဆင်းခိုင်းတယ်။ ဟုတ်ပြီ၊ ကျွန်တော် နောက်ဆင်းပြီး ကျွန်တော်ရဲ့ တာဝန်ကဘာလဲ။ ကျွန်တော် ဘာလုပ်ရမှာလဲ။ ကျွန်တော် အလယ်တန်းတစ်ယောက်ကို ၀င်ကပ်ရမှာလား၊ ဘောလုံးကို လုရမှာလား။ ကျွန်တော်မှာ တိတိကျကျတာဝန်မရှိဘူး။ ရှေ့ပွဲတွေကလည်း အဲဒီလိုပဲ ကစားတတ်သလိုပဲ ကစားသွားတာပေါ့။ ဒါပေမဲ့ အဘက်ဘက်က ကစားသမားတွေ ကြိုးစားအားထုတ်မှုကြောင့် ကစားပုံလေးတွေ ကောင်းခဲ့တယ်။ ဒီနေ့က အရေးကြီးတဲ့ပွဲလေ။ နိုင်မှတက်မယ်ဆိုတော့ ကိုယ်ကမေးရတာပေါ့။ ကိုယ့်ကြောင့် ဘာညာဆိုပြီး ဖြစ်မလာအောင်လို့။ ရှေ့က အင်ဒိုနီးရှားဆီးဂိမ်းတုန်းကလည်း အဲဒီလိုပဲ။ စတီဖင်ဟန်ဆန်ကြီးနဲ့ တိုင်ပင်ပြီး ကျွန်တော်က ဘယ်လိုလုပ်ရမလဲ တိုင်ပင်ကြတယ်။ သူ့ကိုမေးလိုက်တဲ့အချိန်မှာ ဘယ်လိုပြောလဲဆိုတော့ မင်းနဲ့ငါနဲ့ ၂ နှစ်ကျော်ပြီ၊ ဒီကစားကွက်ကို  နားမလည်ဘူးလားဆိုတော့ ဟုတ်ကဲ့၊ ကျွန်တော်နားမလည်ပါဘူး။ ဒီ ၂ နှစ်ကျော်အတွင်း ကျွန်တော်နားမလည်ဘဲ ကစားခဲ့တာများပါပြီဆိုပြီး အဲဒါကို ဘယ်လိုကစားရမယ်ဆိုတာ ကျွန်တော့်ကိုပြောပြပါလို့  ပြောလိုက်တယ်။ အဲဒါ သူက လက်မခံဘူး။ အေး၊ ဟုတ်ပြီဆိုပြီး ကောင်းစည်သူကို မေးလိုက်တယ်။ ကောင်းစည်သူမင်းသိလားဆိုတော့ ကောင်းစည်သူကသိတယ်တဲ့။ ဘယ်လိုကစားရမလဲဆိုတော့ ယိမ်းပြီးကစားရမယ်ပေါ့။ အဲဒီမှာ ကောင်းစည်သူကို ပွဲထွက်ခွင့်ပေးလိုက်တာပေါ့။အဲလို ပွဲထွက်ခွင့်ပေးပြီး မကြာဘူး။ အ၀တ်လဲခန်းထဲမှာ ဥက္ကဋ္ဌကိုယ်တိုင်က လာပြောတယ်။ မင်း ကိုယ်ဖြစ်ချင်တာကို ရှေ့တန်းမတင်နဲ့။ အဓိက က နိုင်ငံရဲ့ ဂုဏ်သိက္ခာပေါ့။ မင်းပေးဆပ်ရမယ်ပေါ့။ အနိုင်ရရှိအောင် နည်းပြကြီးကို တောင်းပန်ရမယ်ဆိုပြီး ဆွဲခေါ်တော့ အ၀တ်လဲခန်းထဲမှာ ကစားသမားတွေရှေ့မှာ လက်အုပ်ချီပြီး ကန်တော့တောင်းပန်ခဲ့တယ်။ ဒါလည်း သူက ကျွန်တော့ကို ၁၁ ယောက်စာရင်းထဲ မထည့်ခဲ့ဘူး။

ဒါက မစ္စတာပတ်ရဲ့ မတော်တဆလွဲချော်မှုလား။  တမင်ကြံစည်မှုလား။ ဘယ်လိုမြင်လဲ။
အဲဒါကတော့ နည်းနည်းဝေခွဲရခက်တယ်။ ကျိန်းသေတာတော့ သူမသိတာလား။ သိတာလားဆိုတာထက် အရမ်းကြီးတော်တဲ့နည်းပြထဲမှာတော့ မပါဘူး။ ဒီကိစ္စကို သူမသိတာလား။ သိတာလားဆိုတာ  အားလုံးရဲ့ အခြေအနေ၊ ပတ်ဝန်းကျင်ကို လေ့လာမယ် အကုန်အာရုံစိုက်မယ်ဆိုရင် သူသိသင့်တယ်။ ဥက္ကဋ္ဌကြီးကိုယ်တိုင် မနက်၊ ည လာပြီး ငါတို့နိုင်မှဖြစ်မှာနော်။ မင်းတို့ နိုင်မှဖြစ်မှာနော်။ ကျွန်တော်တို့ကို ဆုကြေးလေးတွေပေးထားတာရှိတယ်။ နိုင်မှမင်းတို့ရမှာနော်။ ပွဲမစခင်လည်း သူက နိုင်ဖို့အတွက်ကို ပြင်ဆင်ခဲ့တာပေါ့နော်။ အဲလိုမျိုး မသိဘူးဆိုတာကတော့ ရှောင်လွှဲချက်တစ်ခုအနေနဲ့ သူပေးသွားတယ်လို့ ပြောချင်တယ်။
 
7daydaily

No comments:

 Blogger

Myanmar CNN