မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Sunday, February 2, 2014

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ယာဉ်တန်း ချိန်ကိုက်မိုင်းဖြင့် တိုက်ခိုက်ခံရမှုတွင် ဒဏ်ရာရရှိခဲ့သူ မန္တလေး နေ့စဉ်သတင်းစာ သတင်းထောက်ချုပ် ဦးအောင်မင်းဦးနှင့် တွေ့ဆုံခြင်း

ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ် ဒိုးပင်ရွာနှင့် ဟိုခိုရွာအကြား မိုင်တိုင်အမှတ် (၃၀) နှင့် (၃၁) အကြားအရောက်တွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်နှင့် စည်ပင်သာယာရေးဝန်ကြီးတို့ လိုက်ပါလာသည့် ယာဉ်တန်းကို ဇန်နဝါရီလ ၃၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၅ မိနစ်အချိန်ခန့်က ချိန်ကိုက်မိုင်းဖြင့် တိုက်ခိုက်ခံခဲ့ရရာ ထိုယာဉ်တန်းတွင် ပါဝင်၍ လိုက်ပါသတင်းယူသော သတင်းထောက်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာ ရရှိခဲ့သူနှစ်ဦးအနက် မန္တလေး ပြည်သူ့ဆေးရုံကြီး ပြင်ပ လူနာဌာန အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှု ခံယူလျက်ရှိသော မန္တလေး အခြေစိုက် မန္တလေး နေ့စဉ်သတင်းစာ သတင်းထောက်ချုပ် ဦးအောင်မင်းဦးကို The Voice က ဗုံးပေါက်ကွဲမှု အခြေအနေများ တွေ့ဆုံ မေးမြန်းခဲ့သည်များမှ ကောက်နုတ် ဖော်ပြ ထားပါသည်။


Voice : ဒီဖြစ်စဉ် အကျဉ်းလေးကို ပြောပြပေးပါ။

UAMO : ဇန်နဝါရီလ ၂၉ ရက်နေ့မှာ မိုးကုတ်မြို့ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ဖို့အတွက် မန္တလေးဝန်ကြီးချုပ် ခရီးစဉ်နဲ့အတူ သတင်းယူရင်း မန္တလေး-ပြင်ဦးလွင်- မိုးကုတ်လမ်း လမ်းသစ်ကနေ ယာဉ်တန်းနဲ့ သွားတယ်။ လမ်းသစ်ကလည်း ဒီအစိုးရသစ် လက်ထက်မှ ဖောက်ခဲ့တာလို့ ပြောတော့ ဝန်ကြီးချုပ်က လမ်းကိုစစ်ရင်း ဒီလမ်းကနေပြီး အသွားကော အပြန်ကော သွားတယ်။ မိုးကုတ်မှာ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့ နှစ်ညအိပ်တယ်။ ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီမှာ မိုးကုတ်က ဆင်းလာတယ်။ မိုးကုတ်ကအလွန် မိုင် ၂၀ မှာ ကျွန်တော်တို့စီးတဲ့ ပွိုင့်ကားကရေဆူပြီး ဆက်မောင်းလို့ မရတော့ဘူး။ ကျွန်တော့်ကို ကားချိန်း ပေးလိုက်တယ်။ (ပြင်ဦးလွင်မြို့မှ မိုင် ၃၀ အလို) ဟုန်းမခါးအလွန် ဟိုခိုရွာနားမှာ ၁၅ မိနစ်လောက် ခဏနားတယ်။ ယာဉ်တန်းထွက်ပြီး ၁၀ မိနစ်လောက်နေမှ ဝုန်းဝုန်းဆိုပြီးတော့ ထဖြစ်တာပေါ့။

Voice : ဆရာက ကားနံပါတ် ဘယ်လောက်မှာ ပါတာလဲ။ ကားကကော ဘယ်နှစီးလောက် သွားတာလဲ။

UAMO : ကားက ရှစ်စီးလောက်ရှိတယ်။ ကျွန်တော်က ငါးစီးမြောက်လောက်မှာ ရှိတယ်။ ကျွန်တော်တို့ နောက်ကားတွေကလည်း မဖြစ်ဘူး။ အဘ (ဝန်ကြီးချုပ်) တို့ ကားနားလေးမှာ ကွဲတာပဲ။ အဘကားနောက်က ဝန်ကြီး ဦးကျော်မြင့် ကားပေါ့။ ဝန်ကြီး ဦးကျော်မြင့်ကားလည်း ဘာမှမဖြစ်ဘူး။ ကျွန်တော် ထင်တယ်။ ကွဲလိုက်တဲ့အခါမှာ ကွဲလိုက်တဲ့အစတွေ ဘာတွေများ လာမှန်သလား မသိဘူး။ တပ်နဲ့ ပတ်သက်တဲ့ ဖောက်ခွဲရေး လုပ်တယ်တို့ ဘာတို့ ကျွန်တော်လည်း မခေါ်တတ်ဘူး။ လက်နဲ့ မျက်နှာလေး နည်းနည်းမှန်သွားတယ်။ သာမန်အဆင့်ပါပဲ။

Voice : မန္တလေးဆေးရုံကြီးကို ဘယ်အချိန်လောက် ရောက်လဲ။

UAMO : မန္တလေးကို ညနေ ၆ နာရီကျော်လောက် ရောက်တယ်။

Voice : Operation လုပ်တာကော အခြေအနေ ဘယ်လိုရှိလဲ။

UAMO : ကောင်းတယ်။ ဆရာဝန်ကြီးတွေက ကြီးကြပ်နေတော့ အတော်လေး ကောင်းပါတယ်။ ဝန်ကြီးချုပ် ကိုယ်တိုင် လိုက်ပို့ပေးတယ်။ သူကိုယ်တိုင် စီစဉ်ကြီးကြပ် ပေးပါတယ်။ လာလည်း လာပါတယ်။

Voice : လက်ရှိ ကျန်းမာရေး အခြေအနေ သိချင်ပါတယ်။

UAMO : လက်ပေါက်ထွက် သွားတဲ့အတွက် အရိုးနည်းနည်း ထိသွားတဲ့အတွက် စတီးချောင်း အစားထိုးထားတယ်။ သာမန်ဆိုရင် အသားပြန်တက်မှာပါ။ အဲဒီအချိန် စတီးချောင်း ပြန်ဖြုတ်လိုက်ရင် သာမန် အခြေအနေ ပြန်ဖြစ်သွားမှာပါ။ အဲဒီနေရာကို စတီးချောင်းလေး ထည့်ထားတယ်။

Voice : ဆေးရုံက ဘယ်နေ့ဆင်းခွင့် ပေးမယ်လို့ ပြောပါသလဲ။

UAMO : သူကတော့ နှစ်ညလောက် အိပ်ပြီး ဆင်းလိုက် ပြောတယ်။ မနက်ဖြန်လောက်ကို ဆင်းချင်နေတာပါ။
The Voice

No comments:

 Blogger

Myanmar CNN