မန္တလေး၊ ဇန်နဝါရီ၁၈
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် တောင်ဘက်ရှိ ရန်ကုန်-မန္တလေး
ကားလမ်းတွင် ဇန်နဝါရီလ ၁၆ ရက်နေ့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်း
ဆောင်ရွက်နေသည့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်တစ်ဦးမှာ လိုက်ထရပ် အဖြူရောင်
ယာဉ်တစ်စီးကို စစ်ဆေးရန် လက်ပြတားစဉ် အဆိုပါယာဉ် ဝင်ရောက်တိုက်မိ၍
သေဆုံးသွားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ကျောက်ဆည်မြို့တောင်ဘက် ထနောင်းပင်လှ ကျေးရွာအနီး မန္တလေး-ရန်ကုန်
ကားလမ်းတွင် ဇန်နဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၄ မိနစ်အချိန်တွင်
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေး ဆောင်ရွက်နေသည့် ရဲတပ်ကြပ်
ဝင်းတင် ၃၈ နှစ်သည် မန္တလေးဘက်မှ ရန်ကုန်သို့ မောင်းနှင်လာသည့် လိုက်ထရပ်
အဖြူရောင်အား ရပ်တန့်စစ်ဆေးရန် လက်ပြထားစဉ် ဝင်ရောက် တိုက်မိခဲ့ခြင်း
ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရဲတပ်ကြပ် ဝင်းတင်သည် နောက်စေ့ ပေါက်ပြဲဒဏ်ရာများ ရရှိပြီး ကျောက်ဆည်
ဆေးရုံသို့ တင်ပို့ကုသခဲ့ကာ ကျောက်ဆည် ဆေးရုံမှ တစ်ဆင့် မန္တလေးဆေးရုံသို့
လွှဲပြောင်း ကုသရန် အသွားတွင် လမ်း၌ပင် သေဆုံးသွားခဲ့ကြောင်း
၎င်းကထပ်မံပြောကြားသည်။
“မန္တလေး-ရန်ကုန် အမြန်လမ်းဘက်ကို လိုင်စင်မဲ့ကားတွေ မောင်းနှင်တာ ရှိတယ်။
စစ်ဆေးမှုတွေ ပြုလုပ်တယ်။ သူတို့တွေက ရှေ့မှာစစ်ဆေးရေး လုပ်နေတယ်ဆိုရင်
ကားကိုထားခဲ့ပြီး လူထွက်ပြေးသွားတာတွေ ရှိတယ်။ တချို့ကျတော့လည်း
ယာဉ်မောင်းတွေ လိုင်စင်ရှိမရှိ စစ်ဆေးဖို့တားရင် ထွက်ပြေးတယ်။
လူကိုသက်သက်မဲ့ ဝင်တိုက်တာတွေလည်း ရှိတယ်” ဟု ယာဉ်ထိန်းရဲတစ်ဦးက
ပြောကြားသည်။
မန္တလေး-ရန်ကုန် ကားလမ်းအနီးတွင် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် လိုင်စင်မဲ့
ယာဉ်ကို တွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ
သိရသည်။
လိုက်ထရပ်ယာဉ်မောင်း ဦးခင်မောင်လှကို ကျောက်ဆည် မြို့မရဲစခန်းက ယာဉ်
(ပ)၄/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၄-က အရ အမှုဖွင့် စစ်ဆေးအရေးယူလျက် ရှိကြောင်း
အဆိုပါရုံးထံမှ သိရသည်။
The Voice Weekly Myanmar

No comments:
Post a Comment