ဇန်န၀ါရီ ၂ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ကျဆုံးနိုင်ငံရေး
အကျဉ်းသားများအား ပထမအကြိမ် ဂုဏ်ပြုပွဲ အခမ်းအနားတွင် ပြသထားသော
ကျဆုံးနိုင်ငံရေး အကျဉ်းသားများ၏ ဓာတ်ပုံများကို
တွေ့ရစဉ်(ဓာတ်ပုံ-ငြိမ်းဇော်လင်း)
အသွင်ကူးပြောင်းရေး ကာလအတွင်း မဖြစ်မနေ လုပ်ရမည့် အလုပ်ဖြစ်သည့် စစ်မှန်သော
အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိစေရန်အတွက် နိုင်ငံရေး
လှုပ်ရှားမှုများကြောင့် ထိခိုက်နစ်နာ ခဲ့သူများအား အစိုးရ တာဝန်ရှိသူများက
ပြန်လည်တောင်းပန်ရန်နှင့် ပြန်လည်ထူထောင်ရေးများ ပြုလုပ်ပေးရန်
လိုအပ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများက ရန်ကုန်မြို့
တော်ဝင်နှင်းဆီခန်းမတွင် ဇန်န၀ါရီ ၂ ရက်က ကျင်းပသည့် ကျဆုံးနိုင်ငံရေး
အကျဉ်းသားများအား ဂုဏ်ပြုပွဲတွင် တောင်းဆိုခဲ့သည်။
၁၉၈၈ တပ်မတော်မှ အာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်း လူဖမ်းပွဲကြီးများကို
ကျင်းပခဲ့ပြီး အဖမ်းဆီးခံရသူများမှာ မဖြစ်မနေ စစ်ကြောရေး စခန်းများကို
ဖြတ်သန်းခဲ့ရကြောင်း ဖမ်းဆီးခံခဲ့ရသူများက ပြောကြားသည်။ ထိုစစ်ကြောရေး
စခန်းများတွင် နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်ခဲ့ပြီး အချို့မှာ
စစ်ကြောရေးတွင် အသက်ပေးလှူ ခဲ့ရသလို၊ မည်သည့်နေရာတွင် ပျောက်သွားမှန်း
မသိလိုက်ရသည့် နိုင်ငံရေးအကျဉ်းသား ၁၅ ဦးရှိကြောင်းလည်း AAPP မှ
ဦးတိတ်နိုင်က ပြောကြားသည်။ စစ်ကြောရေးစခန်းမှ အကျဉ်းထောင်များ အတွင်းသို့
ရောက်သွားချိန်တွင်လည်း ပြည့်စုံသည့် အစာအာဟာရ မရရှိခဲ့ခြင်း၊
ကျန်းမာရေးစောင့်ရှောက်မှု မခံယူရခြင်းတို့ကြောင့်လည်း
အကျဉ်းထောင်များအတွင်း သေဆုံးခဲ့ရပြီး AAPP မှ ရရှိထားသည့် စာရင်းများအရ
၁၇၅ ဦးခန့် ရှိသော်လည်း အမှန်မှာ ထိုထက်မကဟုလည်း ပြောကြားသည်။
နိုင်ငံရေး အကျဉ်းသားများ အနေနှင့် ထိုကဲ့သို့ ခံစားခဲ့ရသော်လည်း
ထိုအချိန်က တာဝန်ရှိခဲ့သူများနှင့် ယခင်စစ်အစိုးရမှ အသွင်ပြောင်းလာသည့်
အာဏာရအစိုးရက နိုင်ငံရေး အကျဉ်းသားဟူ၍ အသိအမှတ် မပြုသည့်အပြင် တည်ဆဲဥပဒေကို
ချိုးဖောက်သောကြောင့်သာ ပြစ်ဒဏ်ကျခံနေရသူများ ဖြစ်ကြောင်းကိုလည်း
ပြောကြားသည်။ ထိုအချိန်က တာဝန်ယူခဲ့သည့် ထောက်လှမ်းရေး
ညွှန်ကြားရေးမှူးဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်က မည်သူ့ကို
တောင်းပန်ရမည်နည်းဟူသော မေးခွန်းအား ဦးတိတ်နိုင်က အနိမ့်ဆုံးအနေနှင့်ေ
သဆုံးခဲ့ရသူများ၏ မိသားစုများကို တိုင်းသိပြည်သိ တောင်းပန်ရန် လိုအပ်သလို၊
ထိုမိသားစုများ၏ ဖျက်ဆီးသွားခဲ့ရသည့် စီးပွားရေး၊ လူမှုရေးများအား
ပြန်လည်ထူထောင်ပေးရန် လိုအပ်သည်ဟုလည်း တောင်းဆိုခဲ့သည်။
နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ဦးမင်းကိုနိုင်ကလည်း
နိုင်ငံရေးအကျဉ်းသားတွေတင် မကဘဲ ၎င်းတို့၏ မိသားစုများလည်း ဒုက္ခကို
ခံစားခဲ့ရကြောင်းနှင့် မိသားစုပြိုကွဲ ပျက်စီးသွားခဲ့သည့် သူများလည်း
အများအပြား ရှိခဲ့ကြောင်း ပြောကြားသည်။ ထို့အပြင် အာဏာမရှိတော့သော်လည်း
တာဝန်ရှိခဲ့သောကြောင့် တာဝန်ခံမှုရှိရန် လိုအပ်သည်ဟုလည်း ပြောကြားလိုက်သည်။
ထို့အပြင် မြန်မာနိုင်ငံတွင်လည်း မိမိ၏ အမှားအတွက် တာဝန်ယူမှု တာဝန်ခံမှု
မရှိသေးကြောင်းလည်း ပြောကြားလိုက်ပြီး တာဝန်ခံမှု၊ တာဝန်ယူမှုများ
လိုအပ်သည်ဟူ၍လည်း တောင်းဆိုလိုက်သည်။
ထို့အပြင် အကျဉ်းထောင်အတွင်း ကွယ်လွန်သွားသည့် စာရေးဆရာ မုံရွာတင်ရွှေ၏
သားဖြစ်သူ ဒေါက်တာထွန်းအောင်ရွှေကလည်း အင်းစိန်ဆေးရုံတွင် တာဝန်ကျစဉ်
အင်းစိန်ထောင်မှ သေအံဆဲဆဲ လူနာများအား ဆေးရုံထုတ်လာစဉ် သူကိုယ်တိုင်
ကုသပေးခဲ့ရသည့် အတွေ့အကြုံများအား ပြောကြားသည်။ ဒေါက်တာထွန်းအောင်ရွှေက
“ကျွန်တော်အင်းစိန်ဆေးရုံမှာ အလုပ်သင်ဆရာဝန်အဖြစ် လုပ်နေစဉ်တုန်းက ၁၉၉၁-၉၂
လောက်မှာပါ။ ကျွန်တော်တာဝန်ကျနေတဲ့ အချိန်မှာ အင်းစိန်ထောင်ကနေ
လူနာတစ်ယောက် ရောက်လာပါတယ်၊ ကျွန်တော်နေရာထိုင်ခင်း စီစဉ်ပြီးတော့
လူနာမှတ်တမ်းယူဖို့ ကြည့်လိုက်တော့ ဦးညွန့်ဝင်းဆိုလို့
ကျွန်တော်ပြန်ကြည့်မိပါတယ်။ လူနာကို ကျွန်တော်က ကျွန်တော်သိတဲ့
ဦးညွန့်ဝင်းလားလို့မေးတော့ အန်ကယ်က ထွန်းထွန်း မင်းမှတ်မိမယ် ထင်နေတာလို့
ပြန်ပြောတယ်၊ တကယ်တော့ ဦးညွန့်ဝင်းဆိုတာ ကျွန်တော်ငယ်ငယ်ထဲက
ရင်းနှီးနေတဲ့လူပါ။ တွေးကြည့်ပါ၊ ကျွန်တော့်အန်ကယ့်ကို
မမှတ်မိတော့ဘူးဆိုတော့ အန့်ကယ်ပုံ ဘယ်လောက်ပြောင်းလဲသွားလဲ ဆိုတာကိုလေ၊
အန်ကယ်လည်ပင်းတစ်ခြမ်းလုံးကလည်း အကျိတ်ကြီးနဲ့ပါ။ အန်ကယ့်ရောက်လာတော့
တော်တော်နှောင်းသွားပါပြီ။ ကုသခွင့် မရတော့ပါဘူး။ ခရမ်းဦးစိန်ဝင်းလည်း
အူပိတ်တဲ့ရောဂါနဲ့ ဆေးရုံရောက်လာတယ်၊ အန်ကယ်ရောက်လာတော့ တော်တော်ကို
နောက်ကျနေပါပြီ။ ခွဲစိတ်ခန်းတောင် မပို့လိုက်နိုင်ပါဘူး။
အန်ကယ်ဆုံးသွားတယ်။ တကယ်တော့ န၀တက နိုင်ငံရေး အကျဉ်းသားတွေကို
မမြင်ရတဲ့သေဒဏ် ချခံခဲ့ရတာပါ” ဟု ပြောကြားသည်။
NLD ပါတီ၏ နာယကဖြစ်သူ ဦးတင်ဦးကလည်း နိုင်ငံရေး အကျဉ်းသားများ အနေနှင့်
ယခင်က ဖြစ်ပျက်ခဲ့သည့်အပေါ် အာဃာတတရားများ မထားသော်လည်း
တောင်းပန်ခဲ့ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး နားလည်မှုများ
ပိုမိုရလာနိုင်သဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူပြုသည်ဟု
ပြောကြားသည်။
၁၉၉၄ ခုနှစ်တွင် တောင်အာဖရိကနိုင်ငံအတွင်း လူထုကြားနာပွဲများ ကျင်းပကာ
မတရား ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသူအား တောင်းပန်မှုများ ပြုလုပ်ခဲ့ပြီး
အမျိုးသားပြည်လည်သင့်မြတ်ရေး ရရှိခဲ့သည်။ ထို့အပြင် တောင်ကိုရီးယား
နိုင်ငံတွင်လည်း ဒီမိုကရေစီအစိုးရ တက်လာပြီးနောက်ပိုင်း
နိုင်ငံရေးအကျဉ်းသားများနှင့် နစ်နာခဲ့သူများအား အာဏာရအစိုးရက
တောင်းပန်ခဲ့ပြီး လျှော်ကြေးငွေများလည်း ပေးအပ်ခဲ့သည်။
eleven media group

No comments:
Post a Comment