တချိန်က သူမဲ့လိုက်သော ပုံရိပ်များကို ခဏမေ့လိုက်ကြသည့်အခါ
၂၀၁၄၊ ဇန်န၀ါရီ ၁၄ နံနက်စောစောမှာ
သူရှိုက်သိမ်းလိုက်သည့် မျက်ရည်များ၏ အဓိပ္ပာယ်က
ပိုမိုပြည့်ဝလာခဲ့မည်ထင်၏။ ၂၀၁၃ ခုနှစ် တစ်နှစ်တာ အကောင်းဆုံး
ကစားသမားဆုကို ရော်နယ်ဒို ရရှိသွားသည့်အတွက် ကမ္ဘာ့ဘောလုံးလောက
ထိပ်တန်းအဖွဲ့များ ရိုးသားမှု လှေကားတစ်ထစ် တက်လှမ်းနိုင်ခဲ့ပြီ
ထင်ပြန်ပါသည်။ ဘောလုံးသမိုင်းတစ်လျှောက် မက်ဆီက အကောင်းဆုံး
ကစားသမားဆိုသည့်အချက်ကို ငြင်းရန် မရှိသော်လည်း ၂၀၁၃မှာမူ ရော်နယ်ဒိုအတွက်
ပြည့်စုံစွာပွင့်လန်းခဲ့သည့် ပန်းတစ်ပွင့်သာ ဖြစ်နေပါတော့သည်။
ကမ္ဘာ့အကောင်းဆုံး ဆုပေးပွဲ အခမ်းအနားကို ဇန်န၀ါရီ ၁၃ရက်နေ့က
ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ ၂၀၁၃ခုနှစ်အတွက်
တစ်နှစ်တာအကောင်းဆုံး အမျိုးသား ဘောလုံးသမားဆုကို ရီးရဲလ်တိုက်စစ်မှူး
ရော်နယ်ဒို ဆွတ်ခူးသွားခဲ့သည်။
ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု မပေးမီ
တစ်နှစ်တာအကောင်းဆုံး အသင်းအား ရွေးချယ်ခဲ့ရာတွင် နူအာ၊ အဲလ်ဗက်စ်၊
ရာမို့စ်၊ သီယာဂိုဆေးလ်ဗား၊ ဖိလစ်လမ်း၊ ဇာဗီ၊ အင်နီယက်စတာ၊ ရီဘာရီ၊ မက်ဆီ၊
ရော်နယ်ဒို၊ အီဘရာဟီဗစ်တို့ ရွေးချယ်ခံခဲ့ရပြီး အကောင်းဆုံးဂိုးဆုအတွက်
အင်္ဂလန်ဘက်သို့ နောက်ပြန်ကန်ချက်ဖြင့် ဂိုးသွင်းယူခဲ့သော ဆွီဒင်တိုက်စစ်မှူး
အီဘရာဟီမိုဗစ်၏ဂိုး ရွေးချယ်ခံခဲ့ရသည်။
ထို့အပြင် တစ်နှစ်တာအကောင်းဆုံး နည်းပြအဖြစ် ဂျက်ဟေးနက်စ်၊
တစ်နှစ်တာအကောင်းဆုံး အမျိုးသမီးနည်းပြအဖြစ် ဆေးလ်ဗားနစ်(ဂျာမနီ)၊
အသန့်ရှင်းဆုံး ဘောလုံးအဖွဲ့ချုပ်အဖြစ် အာဖဂန်နစ္စတန်၊
အကောင်းဆုံးဥက္ကဋ္ဌဆုကို နိုင်ငံတကာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ရော့ဂျီတို့က
ရရှိခဲ့သည်။ ထို့အပြင် ဖီဖာ၏ တစ်နှစ်တာ အကောင်းဆုံး
အမျိုးသမီးဘောလုံးသမားဆုကို ရွေးချယ်ခဲ့ရာ ဂျာမနီလက်ရွေးစင် ဂိုးသမား
အန်ဂျာရာက ရရှိခဲ့သည်။ အန်ဂျာရာကို ၁၄၇နိုင်ငံမှ နည်းပြများ၊ ၁၄၆နိုင်ငံမှ
အသင်းခေါင်းဆောင်များ၊ မီဒီယာကိုယ်စားပြု ၈၈ဦး မဲပေးခဲ့ကြပြီး
စုစုပေါင်းရမှတ် ၆၁၂မှတ်ဖြင့် ၀မ်ဘက်ခ်ျ(အမေရိကန်)နှင့်
မာတာ(ဘရာဇီး)တို့ကို ကျော်ဖြတ်ကာ ဆုရခဲ့ခြင်းဖြစ်သည်။
ရော်နယ်မှာ ၂၀၁၃ခုနှစ် အတွင်း ကစားခဲ့သည့် ပွဲစဉ်များတွင် ရီးရဲလ်နှင့်
ပေါ်တူဂီအတွက် ၅၆ပွဲ ကစားရာ ၆၆ဂိုး သွင်းယူနိုင်ခဲ့ပြီး
တစ်ဦးချင်းစွမ်းဆောင်မှု အကောင်းဆုံး ကစားသမားအဖြစ် ရပ်တည်နေသူဖြစ်သည်။
နိုင်ငံပေါင်း ၁၈၄ နိုင်ငံမှ နည်းပြများ၊ အသင်းခေါင်းဆောင်များနှင့် မီဒီယာ
ကိုယ်စားပြု ၁၇၃တို့က မဲပေးရွေးချယ်ခဲ့ရာတွင် ရော်နယ်ဒိုက ၁၃၆၅မှတ်
ရရှိခဲ့ပြီး မက်ဆီက ၁၂၀၅၊ ရီဘာရီက ၁၁၂၇မှတ်တို့ ရရှိခဲ့ကြသည်။
ကမ္ဘာ့အကောင်းဆုံးဆုဟု ပြောင်းလဲခဲ့ပြီးနောက်ပိုင်း ၃နှစ်ဆက် မက်ဆီသာ
ရယူနိုင်ခဲ့ပြီး ၄ကြိမ်မြောက်တွင် ရော်နယ်ဒို ဆုရခဲ့ခြင်းလည်းဖြစ်သည်။
ဆုရခဲ့ပြီးနောက် ရော်နယ်ဒိုက'' ပထမဆုံးအနေနဲ့တော့ ကလပ်အသင်းနဲ့
နိုင်ငံအသင်းက အသင်းဖော်တွေအားလုံးကိုကျေးဇူးတင်ပါတယ်။ သူတို့ရဲ့
ပံ့ပိုးမှုတွေသာ မပါဘူးဆိုရင် ကျွန်တော် ဒီလို ဆုရဖို့ မဖြစ်နိုင်ပါဘူး။
ရနိုင်ခဲ့တဲ့ဆုဖြစ်လို့ အခုချိန်မှာ ကျွန်တော် အရမ်းပျော်နေပါတယ်။
ပုဂ္ဂလိကပိုင်းအရ ပါဝင်ပတ်သက်ခဲ့တဲ့ ကျွန်တော့်ဇနီး၊ ကျွန်တော့်သားတို့ကို
ကျေးဇူးတင်ပါတယ်။ အရမ်းခံစားမိရတဲ့ အခိုက်အတန့်ပါပဲဗျာ။
ဝိုင်းဝန်းကူညီပေးကြတဲ့သူတွေ အားလုံးကို ကျွန်တော် အရမ်းပဲ ကျေးဇူးတင်ပါတယ်''ဟု ပြောခဲ့သည်။
yoyarlay

No comments:
Post a Comment