မန္တလေး ကျုံးဘေးတွင် ပြီးခဲ့သည့် လေးလခန့် အတွင်းက ဖြစ်ပွားခဲ့သော ဓားဖြင့်
အကြောင်းမဲ့ လိုက်လံ ခုတ်သူ များကို တရားရုံးတင် စစ်ဆေးနေရာ ဇန်နဝါရီ
လကုန်ပိုင်းတွင် ကလေးသူငယ် တရား ရုံးနှင့် အောင်မြေ သာစံမြို့နယ်
တရားရုံးတို့က အမိန့်ချမည် ဖြစ်ကြောင်း အောင်မြေ သာစံမြို့နယ် အမှတ် (၂)
ရဲစခန်းရှိ ဒုရဲအုပ် ကံအောင်မြင့်က The Voice သို့ပြောကြား သည်။
ကျုံးဘေးတစ်လျှောက် ညအချိန် လူအချို့ကို ဓားဖြင့် အကြောင်းမဲ့
လိုက်လံခုတ်သူ ကိုးဦးကို ရုံးတင် စစ်ဆေးလျက်ရှိရာ တရားလိုနှင့် တရားလိုပြ
သက်သေများကို စစ်ဆေးပြီးစီးနေပြီး တရားခံနှင့် တရားခံပြ သက်သေများကို
ယခုလအတွင်း စစ်ဆေးသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြော ကြားသည်။
“သက်သေထွက်ဆိုတဲ့သူ အနည်းငယ် ကျန်သေးတယ်။ ဇန်နဝါရီလကုန်မှာ အမိန့်ချမှာပါ။
တရားလို စည်သူအောင်ကတော့ နယ်ဘက်ကို အလုပ် သွားလုပ်နေတယ်။ သူ့ကို ဖြစ်စဉ်တွေ
အကုန်လုံး ရုံးချိန်း ခေါ်မေး တာတွေတော့ လုပ်ပေးပြီးပါပြီ” ဟု ဒုရဲအုပ်
ကံအောင်မြင့်က ဆိုသည်။
မန္တလေးမြို့ အထင်ကရ နေရာဖြစ်သော ကျုံးပတ်လည်တွင် ညအချိန် ဆိုင်ကယ်စီး၍
အုပ်စုလိုက အကြောင်းမဲ့ ဓားခုတ်၊ ရိုက်နှက်မှုနှင့် ပတ်သက်ပါဝင်သူ
တိုင်ကြားခံရသူ ကိုးဦးသည် ပြစ်မှုကျူးလွန် သည်ဟု ဝန်ခံထားပြီး ၎င်းတို့သည်
အသက် ၁၄ နှစ်မှ အသက် ၂၀ နှစ်အရွယ် အတွင်းရှိသူများ ဖြစ်သဖြင့် ၂၀၁၃
စက်တင်ဘာလ ၁၇ ရက်နေ့တွင် ငါးဦးကို အောင်မြေသာစံ တရားရုံးတွင်
တရားစွဲဆိုပြီး ကျန်လေးဦးကို ချမ်းအေးသာစံမြို့နယ်ရှိ ကလေးသူငယ်
တရားရုံးတွင် တရားစွဲဆိုခဲ့ကြောင်း အဆိုပါ ရဲစခန်း မှတ်တမ်းများအရ သိရသည်။
ကျုံးပတ်လည်တွင် ညအချိန် ဆိုင်ကယ်စီး၍ လူငယ်များ အုပ်စုလိုက် အကြောင်းမဲ့
ဓားခုတ်၊ ရိုက်နှက်မှုများ ပြုလုပ်ခဲ့သူ ကိုးဦးကို ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၃
ရက်နေ့ ညနေ ၆ နာရီတွင် ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ဓားဖြင့်ခုတ်ခံရသူ ဦးစည်သူအောင်သည် ဇူလိုင်လ ၁၄ ရက်နေ့ ည ၈ နာရီ ၃၉
မိနစ်တွင် ကျုံးမြောက်ဘက် တိရစ္ဆာန်ဥယျာဉ် ရှေ့ဘက်တွင် သူငယ်ချင်း
ကိုးဦးနှင့်အတူ ဆိုင်ကယ် ဘီးထောင်နေစဉ် scopy ဆိုင်ကယ်ဖြင့် လူ ၉ ဦး
ရောက်ရှိလာကာ ရန်ငြိုးရန်စ မရှိဘဲ ဓားဖြင့် ဝင်ခုတ်ခဲ့သဖြင့် နောက်ကျော၊
တံတောင်ဆစ်များတွင် ဓားဒဏ်ရာများ ရရှိခဲ့သည့်အပြင် ခေါင်းကို သံတုတ်ဖြင့်
ရိုက်နှက်ခြင်း ပြုလုပ်ခဲ့ကြောင်း ဦးစည်သူအောင်ထံမှ သိရသည်။
ယင်းအပြင် ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့ကလည်း မန္တလေးမြို့တော် ၁၄
လမ်းနှင့် ၁၅ လမ်းကြားတွင် ဦးမျိုးသူရဦး ဆိုသူကို အကြောင်းမဲ့ဓားဖြင့်
ခုတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
The Voice Weekly

No comments:
Post a Comment