နိုင်ငံခြားသားနှစ်ဦးက ခုနစ်ရာကျပ်တန် နားကျပ်တံဝယ်ကာ ငွေကိုင်စာရေးမထံမှ
ငွေကျပ်နှစ်သိန်းခြောက်သောင်းကျော် လိမ်လည်သွားသောဖြစ်စဉ်တစ်ခု
စမ်းချောင်းမြို့နယ်ရှိ စတိုးဆိုင်တစ်ဆိုင်၌ ဖြစ်ပွားခဲ့ကြောင်း
သတင်းရရှိသည်။
““ငွေကိုင်စာရေးကို မျက်လှည့်ပြသလိုလုပ်ပြီး ပိုက်ဆံတွေကို ယူသွားတာပါ။
သူတို့ရဲ့ ပုံသဏ္ဌာန်ကို ခန့်မှန်းပြီး တိုင်းရဲတပ်ဖွဲ့ကပါ ရှာပေးနေပါတယ်။
စီစီတီဗီမှတ်တမ်းမရှိတော့ တရားခံရှာရတာ အခက်အခဲရှိပါတယ်””ဟု
စမ်းချောင်းမြို့မရဲစခန်းမှ စခန်းမှူး ရဲအုပ်သိန်းအေးကပြောသည်။
စမ်းချောင်းမြို့နယ် အောင်ချမ်းသာရပ်ကွက်ရှိ Kiddy World
ကလေးပစ္စည်းအရောင်းဆိုင်နှင့် စတိုးဆိုင်တွင် ဇန်န၀ါရီ ၁၃ရက် ညနေက
ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါဆိုင်တွင်
အရောင်းဝန်ထမ်းသုံးဦးသာရှိနေခိုက် နိုင်ငံခြားသားနှစ်ဦး ရောက်လာပြီး
ခုနစ်ရာကျပ်တန် နားကျပ်တံ ၀ယ်ယူကာ ကောင်တာထဲတွင်ထားသော ပိုက်ဆံထုပ်ကို
လိမ်ယူသွားခြင်းဖြစ်ကြောင်း တာဝန်ခံစာရေးမကပြောသည်။
““ဆိုင်ထဲကို နှစ်ယောက်ဝင်လာပြီး တစ်ယောက်က နားကျပ်တံဝယ်တယ်။
နောက်တစ်ယောက်က ကျန်တဲ့ဝန်ထမ်းနှစ်ယောက်ကို သူလိုချင်တဲ့ပစ္စည်းတွေကို
လိုက်ပြခိုင်းတယ်။ နားကျပ်တံ ၀ယ်တဲ့သူက ကောင်တာထဲက ပိုက်ဆံထုပ်ကို
ပေါ်တင်ပဲယူလိုက်ပြီး စည်းထားတာစနစ်မကျဘူးလို့ ပြောပြီး ခပ်တည်တည်နဲ့
စီပေးနေတာ။ သူတို့ ပြန်သွားလို့ ပြန်စစ်ကြည့်တော့ ပိုက်ဆံတွေက
ပျောက်နေတာ””ဟု အဆိုပါတာဝန်ခံကပြောသည်။
ငွေကျပ်သုံးသိန်းရှစ်သောင်းကျော် ထည့်ထားသောအထုပ်ကို
ဝန်ထမ်းများရှေ့တွင်ပင်ကိုင်၍ စီပေးခြင်းဖြစ်ပြီး
နှစ်သိန်းခြောက်သောင်းသုံးရာတိတိ လိမ်ယူသွားခြင်းဖြစ်သည်။
ပိုက်ဆံလိမ်လည်ခိုးယူသွားသူ နိုင်ငံခြားသားနှစ်ဦးမှာ
အိန္ဒိယ(သို့မဟုတ်)ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့ က
သုံးသပ်ထားပြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဦးဆောင်ကာ ရှာဖွေနေဆဲဖြစ်ကြောင်း
အမှုစစ်အရာရှိကပြောသည်။ ယင်းဖြစ်စဉ်မှာ နိုင်ငံခြားသားများကို
အထင်ကြီးလေ့ရှိသည့် အလေ့အထကြောင့် ပေါ်ပေါ်တင်တင်အလိမ်ခံရခြင်းဖြစ်ပြီး
မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ ခရီးသွားများ ၀င်ရောက်မှုများပြားနေသည့်
ယခုလိုအချိန်တွင် ပိုမိုသတိထားသင့်ကြောင်း မြန်မာနိုင်ငံဧည့်လမ်းညွှန်အသင်း
တာဝန်ရှိသူတစ်ဦးကပြောသည်။
အောင်သစ်လွင်
7 Day Daily

No comments:
Post a Comment