မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Tuesday, November 26, 2013

ဗုဒ္ဓဘုရား ပွင့်တော်မူခဲ့သည့် နေရာတွင် ရှေးအကျဆုံး ဘုရားကျောင်းဆောင်ကို ရှာဖွေတွေ့ရှိ

လုမ္ဗိနီရှိ မာယာဒေ၀ီကျောင်းအတွင်း ဗုဒ္ဓဖွားတော်မူရာ နေရာ၌ ရှာဖွေတွေ့ရှိသော ရှေးအကျဆုံး ဘုရားကျောင်းအနီးတွင် ပူဇော်နေကြသည့် ဘုရားဖူးဘုန်းတော်ကြီးများ
ဗုဒ္ဓပွင့်တော်မူရာ လုမ္ဗိနီတွင် ရှေးအကျဆုံး သစ်သား ဘုရားကျောင်းဆောင်ကို ရှာဖွေတွေ့ရှိခဲ့မှုက ဗုဒ္ဓသည် ဘီစီခြောက်ရာစု မတိုင်မီက သက်တော်ထင်ရှားရှိခဲ့သည်ဟု သတ်မှတ်ထားမှုကို အဖြေထုတ်ပေးနိုင်ဖွယ် ရှိကြောင်း ရှေးဟောင်း သုတေသနပညာရှင်များက နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။ နီပေါနိုင်ငံတောင်ပိုင်း လုမ္ဗိနီရှိ မာယာဒေ၀ီကျောင်းတွင် အုတ်ကျောင်းအောက်၌ ရှေးဟောင်း သစ်သားကျောင်းဆောင်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။


ယင်းကျောင်းဆောင်တွင် သစ်ပင်တစ်ပင် တည်ရှိခဲ့ဖွယ် ရှိကြောင်း၊ ယင်းသစ်ပင်သည် ဗုဒ္ဓကို ဖွားတော်မူစဉ်က မယ်တော်မာယာသည် သစ်ကိုင်းတစ်ကိုင်းကို ကိုင်တွယ်ခဲ့သည်ဟု ဖွားတော်မူခန်း အကြောင်းအရာနှင့် ဆက်နွှယ်နေကြောင်း Antiquity ဂျာနယ်တွင် ဖော်ပြခဲ့သည်။ ယင်းကျောင်းဆောင်ကို ရှာဖွေတွေ့ရှိမှုက ဗုဒ္ဓဖွားတော်မူသည့် နေ့ရက်နှင့် ပတ်သက်၍ အငြင်းပွားမှုကို ဖြေရှင်းပေးနိုင်ဖွယ်ရှိကြောင်း ရှေးဟောင်း သုတေသနပညာရှင်အဖွဲ့က ပြောကြားခဲ့သည်။

ဗုဒ္ဓပွင့်တော်မူသည့် ကာလနှင့် ပတ်သက်၍ ခန့်မှန်းမှုများတွင် ကွဲလွဲမှုများရှိနေပြီး အချို့က ဘီစီ ၆၂၃ ဟု သတ်မှတ်ကြပြီး အချို့က ဘီစီ ၄ ရာစုဟု သတ်မှတ်ကြသည်။

ဘုရားကျောင်းဆောင်ကို တွေ့ရှိသည့် နေရာမှ သဲများ၊ မီးသွေးအပိုင်းအစများကို ရေဒီယိုကာဗွန်နည်းဖြင့် ရက်စွဲသတ်မှတ်ခဲ့ပြီး ဘုရားကျောင်း၏အလယ်တွင် သစ်မြစ်များ ရှိခဲ့ကြောင်းကိုလည်း ဘူမိရှေးဟောင်း သုတေသနပညာရှင်များက အတည်ပြုပေးခဲ့သည်။ ၀ါရှင်တန်အခြေစိုက် National Geographic Society မှ ငွေကြေးထောက်ပံ့မှုဖြင့် ရှေးဟောင်းသုတေသန ပညာရှင်များက လုမ္ဗိနီတွင် သုတေသန ပြုခဲ့ကြခြင်း ဖြစ်ပြီး ဖေဖော်ဝါရီတွင် "ဗုဒ္ဓ၏ မြေမြုပ်နေသော လျှို့ဝှက်ချက်များ"မှတ်တမ်းကို ထုတ်လွှင့် ပြသမည်ဖြစ်သည်။

ယခုအချိန်ထိ လုမ္ဗိနီတွင် ရှေးအကျဆုံး ဗုဒ္ဓဆိုင်ရာ အဆောက်အအုံမှာ ဘီစီသုံးရာစုက အသောကဘုရင်လက်ထက် ဘုရားကျောင်းများ ဖြစ်သည်။ သုတေသနကို ဦးဆောင်ခဲ့သော ဒါဟမ်တက္ကသိုလ်မှ ရှေးဟောင်း သုတေသနပါမောက္ခ ရိုဘင်ကိုနင်ဟမ်က "ဒါဟာကမ္ဘာမှာ ရှေးအကျဆုံး ဗုဒ္ဓဘုရားကျောင်းဆောင် သက်သေ အထောက်အထားပါ"ဟု ပြောကြားခဲ့သည်။ ယခုကဲ့သို့ ရှေးဟောင်းအထောက်အထားကို တွေ့ရှိခဲ့မှုကြောင့် ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံထားရသော လုမ္ဗိနီကို ထိန်းသိမ်းမှုများကို အထောက်အကူပြုမည် ဖြစ်သည်။

 ElEVEN MEDIA GROUP

No comments:

 Blogger

Myanmar CNN