“အမေတို့ရွာသားတွေ”
တစ်နေ့လုပ်စာ
တစ်နေ့စား
အမေတို့
ရွာသားတွေ
ကြေးများစရာမရှိ
ကံကြမ္မာအမျိုးမျိုး
မရိုးအောင်နိုင်ယိုးဖွဲ့လို့
ဆင်းရဲတဲ့ဘ၀ပေးဟာ
အတိတ်ကံကြွေးလို့
ဖြေသိမ့်ကြတယ်။
ဖင်ကြား
ရွှံ့တစ်ခွဲသားကျအောင်
နွားနဲ့အတူရုန်းကန်
ကန်ရေသောက်
မြက်ချောက်ဝါး
ကျွေးချမှန်
နွားကံလို
ချဉ်ရေကျဲ
ငါပိစိမ်းခဲ
ထမင်းတစ်လုပ်
ခပ်သုတ်သုတ် မျိုခဲ့ရတာကိုလည်း
အ၀တ်နွမ်းနွမ်း
ခါးဝတ်ကြမ်းမှာ
ဖာတစ်ရာဖြစ်
ထန်တေအောင်ဝတ်လို့
နွေနဲ့မိုးဆောင်း
သောင်းပြောင်းရာသီ
ထွေအလီလည်း
နတ်ပေးအ၀တ်
မချွတ်ရက်ပြန်
ကံကိုရမယ်ရှာ
ရှက်မပြတ်ရှာတယ်လို့
လေလိပ်တဲ့ပ၀ါ
ချွေးသိပ်ရှာပေါ့။
အင်ဖက်မိုး
အင်ဖက်ကာ
သိကြားမောင်က
ရာသီမျှရင်
ထရံကာ
သယ်ငယ်မိုးနိုင်လိမ့်
မြေကြီးကိုကျောခင်း
လက်အုံးရင်းမျှော်ပေမယ့်
ကြယ်တာရာလမင်း
လွမ်းချင်းလည်းထပ်ရော့
ထဘက်စုတ်ထောင့်မှာချည်
ကြယ်စင်ကြွေခိုက် ဆုချွေမိလိုက်ပါ၏
ဝေးရော့ဟဲ့
ကြမ္မာဆိုးတွေ။
ရွှေတိဂုံကြီးဖူးချင်တယ်
ရွှေမြို့တော်ရန်ကုန်ကြီးရယ်
သီးနှံသာ
ကြွေးတွေချနိုင်ရင်ဖြင့်
ဘ၀၀ဋ်ကြွေး
ဘုရားဆေးနဲ့ချေမယ်လို့
ခါခါပင်တောင်းသော်လည်း
နှောင်လေခဲ့ဘ၀မှာတောင်
သန်းရောင်ခြည်မြင်နိုင်ဘူး
ယောင်လို့တောင်မျက်စိလည်လေတယ်
ကံဆိုးမသားတွေရယ်။
ကြားဖူးတဲ့ရွှေမြို့တော်
ရောင်စုံဖြာ
ထက်စွာလင်း
နေ့ခင်းညခင်း
မကွဲဘူးလို့
ကံကြီးသူ
မောင်ရှင်ဆိုကြားရမိ
အမေတို့ရွာသားများ
ဘ၀ခါးလှပါသတဲ့
ရေနံဆီ
ဖယောင်းတိုင်
ကျွတ်-တန်ဆောင်မှာ
မှန်အောင်ရစေဖို့
ခြစ်ခြုတ်လို့စု
တန်မိလို့ကာရော့တယ်
ညလဲမလင်း
ဘ၀တွေလည်း မလင်းနိုင်ဘူး
လူတန်းစေ့မနေ
လူတန်းစေ့မသေနိုင်
လူမည်ကာမျှ
တို့ဘ၀ပါကွယ်တဲ့။
ဘယ်အရေး
ဘယ်ခါမဆို
အမေတို့ရွာသား
တွေးမများဘူး
စာဝတ်နေရေး
ဝမ်းရေးတစ်ထွာ
ငတ်ရေးခါခါ
ပြတ်ရေးမကြာကြာနဲ့
ထောင်းမသာတဲ့
ကံကြမ္မာလို့
ဖန်ခါခါတွေးတယ်
ကိုယ်လုပ်မှ
ကိုယ်စားရ
ကိုယ်အားကိုယ်ကိုးရတဲ့ဘ၀ပါလို့
လက်တွေ့မျက်မြင်
မျိုးဆက်စဉ်အသိ
ကံသာအမိ
ကံသာအဖ
ဒီဘဝ
ဒီမျှ ၀ဋ်ကြွေးမှန်သမျှ ကြေပါစေတော့ ………။
သူ
(သရက်)
No comments:
Post a Comment