ပြည်ထောင်စု
လွှတ်တော်က လွှတ်တော် ကိုယ်စား လှယ်များ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ
လုပ်ကိုင်နိုင်ရန် ချထားပေးသော ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ငွေကျပ်
သိန်းတစ်ထောင်ကို အလွဲသုံးစား ပြုလုပ်သည့် လွှတ်တော် ကိုယ်စားလှယ်ရှိပါက
၎င်းကို အစိုးရအနေနှင့် ဥပဒေအတိုင်း အရေးယူရန် ပြည်ထောင်စုလွှတ်တော် နာယက သူရ
ဦးရွှေမန်းက တိုက်တွန်း ပြောကြားသည်။
ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်
ဖွံ့ဖြိုးရေး ရန်ပုံငွေ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်းနှင့် လုပ်ငန်းများ
အကောင်အထည် ဖော်ခြင်းနှင့် ပတ်သက်ပြီး ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက
တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်း တင်ပြရာတွင် ၎င်းက
အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
တိုင်းဒေသကြီးနှင့်
ပြည်နယ်အစိုးရက မြို့နယ်များအလိုက် လုပ်ဆောင်ရန် ကျန်ရှိသော ဖွံ့ဖြိုးရေး
လုပ်ငန်းများကို လုပ်ဆောင်ရာတွင် ကုန်ကျငွေများကို စာရင်းနှင့်တကွ ပြန်လည်
တင်ပြရမည် ဖြစ်ပြီး အလွဲသုံးစား ပြုလုပ် ထားသည်ကို စာရင်းစစ်အဖွဲ့က
တွေ့ရှိပါက ဥပဒေအတိုင်း ဆောင်ရွက် ရမည် ဖြစ်ကြောင်း သူရဦးရွှေမန်းက
ပြောကြားသည်။
“တကယ် အလွဲသုံးစားလုပ်ရင် ညှာတာစရာ မလိုပါဘူး။ တရားဥပဒေအတိုင်း အရေးယူ
ဆောင်ရွက်ပါ” ဟု ၎င်းကဆိုသည်။ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို
ဆောင်ရွက်ရာတွင် ဥပဒေကို ချိုးဖောက်ပြီး ဆောင်ရွက်ထားသော လုပ်ငန်းများနှင့်
အလွဲသုံးစား လုပ်ခြင်းကို သတ်မှတ်ထားသော ဥပဒေများနှင့်အညီ အပြုသဘော
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးသိန်းထိုက်က
ပြောကြားသည်။ “မြို့နယ် တစ်ခုချင်းစီအလိုက် လွဲနေသည်များကို စာရင်းစစ်များက
ရိုးသားစွာ၊ ဖြောင့်မတ် မှန်ကန်စွာ တည့်မတ် ပေးသွားမှာပါ” ဟု ၎င်းကဆိုသည်။
အလားတူ ဖွံ့ဖြိုးရေး ရန်ပုံငွေများကို မရိုးဖြောင့်သော သဘောဖြင့်
ဖြတ်တောက် သုံးစွဲပါက ပြစ်မှုဆိုင်ရာ ဥပဒေအရ အလွဲသုံးစားပြုမှု ကျူးလွန်သည်ဟု
သတ်မှတ်ပြီး
အရေးယူမှုများ ဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်
ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ ဥပဒေကြမ်းတွင် ထည့်သွင်း ရေးဆွဲထားကြောင်း
ဥပဒေကြမ်း ကော်မတီထံမှ သိရသည်။ အဆိုပါ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ
အလွဲသုံးစား ပြုလုပ်ပါက နိုင်ငံပိုင်ငွေ အလွဲသုံးစားလုပ်မှု ရာဇသတ်ကြီး
ပုဒ်မ ၄၀၉ အရ ပြစ်မှုထင်ရှားပါက ငွေဒဏ်မရှိ၊ အနည်းဆုံး ထောင်ဒဏ် ခုနစ်နှစ်မှ
တစ်သက်တစ်ကျွန်းအထိ ကျခံနိုင်ကြောင်း ရန်ကုန်တိုင်း တရားလွှတ်တော်ရှေ့နေ
ဦးထွန်းအေးက ပြောကြားသည်။
The Voice Journal
No comments:
Post a Comment