ပုသိမ်၊ မဇ္ဈိမ။ ။ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ် ပေပင်ကြီးကျေရွာ
ပေပင်ကြီး အထက်တန်းကျောင်ခွဲတွင် ဆယ်တန်းကျောင်းသား ၃၂ဦး ဖေဖော်ဝါရီလ
၁၄ရက် နံနက် ၈နာရီက ထမင်းနှင့် ဘဲဥငံပြာရည်ချက်စားပြီး အစာအဆိပ်သင့်မှု
ဖြစ်ပွားခဲ့သည်။
"“တစ်ယောက် အန်တာကိုမြင်တော့ နောက်ကျောင်းသားတွေမြင်ပြီး လိုက်ပြီးတော့၊
အော့ရယ်အန်ရယ်ဖြစ်ကုန်တာ၊ ညက စာကျက်ထားတော့ အားနည်းနေတာကြောင့်လည်း ဖြစ်တာ၊
ကျောင်းသားတိုင်းတော့မဖြစ်ဘူး၊ ဖြစ်တဲ့ ကျောင်းသားတွေကို ပုသိမ်ကို
ဆက်ပို့ပြီး ကုပေးထားတယ်"ဟု ပေပင်ကြီး အထက်တန်းကျောင်းခွဲမှ
ဆရာဦးစိုးနိုင်က မဇ္ဈိမကို ပြောသည်။
ကျောင်းသား ၁၆ဦး၊ ကျောင်းသူ ၁၆ဦး အစာအဆိပ်သင့်ခဲ့ပြီး ကျောင်းသား
၁၀ဦးနှင့် ကျောင်းသူ ၅ဦးကို ပုသိမ်ဆေးရုံတွင် သွားရောက် ဆေးကုသထားရသည်ဟု
ဆရာဦးစိုးနိုင်က ပြောသည်။
ပေပင်ကြီး အထက်တန်းကျောင်းခွဲတွင် ဆယ်တန်းကျောင်းသားများကို
ဇန်နဝါရီလ(၁)ရက်မှ စတင်ပြီး ကျောင်းအိပ်ကျောင်းစားလုပ်ကာ ည(၁၁)နာရီအထိ
စာကျက်ကာ နံနက် ၅နာရီတွင် အိပ်ယာထပြီး ထပ်မံစာကျက်ရသည်။ ထိုသို့
ကျောင်းတွက် စာကျက်သည့် ကျောင်းသားများကို ကျောင်းမိဘများက အလှည့်ကျ
နံနက်စာ ချက်ကျွေးရပြီး ဖေဖော်ဝါရီလ ၁၄ရက် နံနက် ၆နာရီတွင် ထမင်းနှင့်
ဘဲဥငံပြာရည်ချက် စားကာ နံနက် ၈နာရီတွင် မူးဝေ၊ အော့အန်ခြင်းဖြစ်သည်။
"ရွာမှာလည်း ဖြစ်တော့ ဆရာဝန်တွေ ရောက်လာတယ်၊ သူတို့လည်း ကုပေးတယ်။ တချို့
ကလေးတွေကိုတော့ ပုသိမ်ဆေးရုံပို့ ပြီးဆက်ကုနေတယ်"ဟု ပေပင်ကြီးကျေးရွာမှ
ဦးစံဝင်းက မဇ္ဈိမကို ပြောသည်။
ကန်ကြီးထောင်မြို့ နယ်၊ ပေပင်ကြီးအထက်တန်းကျောင်းခွဲ
အစာအဆိပ်သင့်မှုဖြစ်ပြီး ပုသိမ်ပြည်သူ့ဆေးရုံသို့ ဧရာဝတီတိုင်း
ဝန်ကြီးချုပ်၊ ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌ နှင့် တိုင်းပညာရေးမှူးများ၊
ကန်ကြီးထောင့်မြို့နယ် တာဝန်ရှိသူများ လာရောက် ကြည့်ရှုခဲ့သည်။
စည်သူမောင်မောင်/Mizzima - News in Burmese

No comments:
Post a Comment
တခုခုပြောခဲ့ပါနော်။