Friday, February 14, 2014

ဘီလူး ဇာတ်ကားကို ဇာတ်လမ်းတွဲ အဖြစ် ရိုက်ကူးထုတ် လွှင့်မည်

ရုပ်ရှင် အဖြစ် အောင်မြင်ကျော် ကြားခဲ့သော “ဘီလူး” ရုပ်ရှင် ဇာတ်ကား ကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ တွင် ဇာတ်လမ်းတွဲ အဖြစ် စတင် ရိုက်ကူးသွား မည်ဖြစ်ကြောင်း Family Entertainment Group ရုပ်ရှင် နှင့် ဗီဒီယို ထုတ်လုပ်ရေး မှ ဒါရိုက်တာ ဒေါ်ကေ သီမြင့်က ပြောသည်။

“ကျွန်မတို့ ကုမ္ပဏီ အနေ နဲ့က အခုအချိန်မှာ ဖြန့်ချိရေးလည်း မလုပ်သေးပါဘူး။ ပြသရေးလည်း မလုပ်သေးပါဘူး။ လက်ရှိမှာ ထုတ်လုပ် ရိုက်ကူးရေး ကိုပဲ လုပ်သေးတာ ပါ။ ချန်နယ်မှာ ပြသဖို့ အတွက်ထိ ပြီးပြီ ဆိုရင် ထပ်မံ အသိပေးပြောပြပေးပါ့ မယ်” ဟု ဒေါ်ကေသီမြင့်က ပြော သည်။ “ဘီလူး” ဇာတ်လမ်းတွဲကို မူလ ဝတ္ထုရေး ဆရာ အကြည်တော် က ပင် ဇာတ်ညွှန်း ရေးသားထား အပိုင်း ၄ဝ အထိ ပါဝင်မည် ဖြစ်ပြီး ရိုက်ကူး ဖန်တီးမှုကို ဒါရိုက်တာ အကယ်ဒမီ မီးပွားက ပုံဖော်ပေး သွား မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ “ဘီလူး” ဇာတ်လမ်းတွဲ၏ အဓိက ဇာတ် ဆောင် အဖြစ် ဗေလုဝ၊ သားညီ၊ ထက်ထက် ဆုလှိုင်၊ မေတ္တာနှင့် အခြား သရုပ် ဆောင် များစွာ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ “ဘီလူး” ဇာတ်လမ်းတွဲ ရိုက်ကူးခြင်းနှင့် ပတ်သက်ပြီး စာရေးဆရာ၊ ဇာတ်ညွှန်းရေး ဆရာ အကြည်တော် က “ကျွန်တော် ဇာတ်လမ်း ကို အဓိက ထားရေးနေတယ်။ ဇာတ်ဆောင် တွေကတော့ ဒါရိုက်တာ အပိုင်းပေါ့။ 


ရုပ်ရှင်ထက်ကို ပိုပြီး အသက်ဝင် အောင် လုပ်ရတော့မယ်။ အပိုင်း ၄ဝ ဆိုတော့ ရုပ်ရှင်ဇာတ်ကား ၂ဝ စာလောက် ရှိတယ်လေ။ ဒီကားကို  ကောင်းအောင် လုပ်နေရတာမို့ ဇာတ်အိမ်ကို ပိုခိုင်အောင် လုပ်နေ ရပါတယ်။ ဘယ်ဟာကိုမှ အလွတ် ခံပြီး ပျောက်သွားလို့ မရဘူး။ ပါဝင်မယ့် ဇာတ်ကောင်တွေ အားလုံးကို မပျောက် သွားအောင်လုပ် ရပါမယ်။ ရုပ်ရှင် ဆိုတာ ပိုက်ဆံပေးပြီး ကြည့်ရတာ။ ဇာတ်လမ်းတွဲ ကိုတော့ ချန်နယ်တွေ ကနေ အလကားကြည့်ရမှာ။  အဲဒီ တော့ အလကား ကြည့်ရမယ့် ဟာကို ဆွဲဆောင်မှု ရှိအောင် မလုပ်နိုင်ဘူး ဆိုရင် ကျွန်တော် တို့ ညံ့ရာရောက် သွားမှာလေ။ အဲဒီတော့ ဆွဲဆောင်မှု ရှိဖို့ ကျွန်တော်တို့ ကြိုးစားရမယ်” ဟု ပြောပြသည်။ “ဘီလူး” ဇာတ်လမ်းတွဲ ကို ပုဂံဘက်တွင် သွား ရောက် ရိုက်ကူးရန် စီစဉ် ထားပြီး ကျေးလက် ဒေသကို အခြေတည်၍ မြန်မာ့ဓလေ့ ထုံးတမ်း စရိုက်များကိုလည်း ခေတ်ကာလ အလိုက် ပေါ်လွင် ထင်ဟပ်အောင် ကြိုးစားထားကြောင်း အကြည်တော် က ဆက်ပြောပြသည်။

Family Entertainment Group ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေး အနေဖြင့် “ဘီလူး” ဇာတ်လမ်းတွဲနှင့် ဇာတ်ညွှန်း၊ ဇာတ် လမ်း၊ ဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိမ်း ထွဋ် တို့ ရေးသား ရိုက်ကူးမည့် “ကမ္ဘာတည် သမျှသာမည့်လ” ဇာတ်လမ်းတွဲ ရိုက်ကူး သွားမည့်အကြောင်း၊ “ဦးရှံစားနှင့် ဦးဒိန်းဒေါင်” ဟာသ ဇာတ်လမ်းတွဲ ရိုက်ကူးနေသည့် အကြောင်း နှင့် အတူ “မှုခင်းဖိတ်စာ” ဇာတ်လမ်းတို များကိုလည်း လက်ရှိအချိန်တွင် ရိုက်ကူး နေသည့် အကြောင်းများ ရှင်းလင်းတင်ပြ ခြင်း အခမ်းအနား တစ်ရပ် ကို ဖေဖော် ဝါရီ ၆ ရက်၊ နံနက် ၉ နာရီက Park Royal Hotel တွင် ပြုလုပ်ခဲ့သည်။
သတင်း-ထက်လူလူ၊
ဓာတ်ပုံ- မင်းမင်းထွန်း/popularmyanmar

No comments:

Post a Comment

တခုခုပြောခဲ့ပါနော်။