ဒီဇင်ဘာ ၁၄ ရက်က ရှမ်းပြည်နယ်အရှေ့ပိုင်း ပင်းတယမြို့နယ်ရှိ
ကျေးရွာလေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပင်းတိုက်ခတ်မှုကြောင့်
နေအိမ်အချို့ ပြိုကျပျက်စီးခဲ့ရသည့်အပြင် ဒဏ်ရာရသူအချို့လည်း ရှိခဲ့ကြောင်း
သတင်းရရှိသည်။
““အိမ်လေးအိမ်ကတော့ လုံးဝပြိုကျသွားတာ။ ဘုန်းကြီးကျောင်းအချို့နဲ့ လူနေအိမ်
အတော်တော်များများ ပျက်စီးခဲ့ရတယ်။ ဒဏ်ရာရခဲ့သူတွေကတော့
စိုးရိမ်စရာမရှိပါဘူး””ဟု ပင်းတယ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဒီဇင်ဘာ ၁၄ ရက်က သဘာဝဘေးအန္တရာယ် ကြုံတွေ့ခဲ့ရသည့် နေရာများမှာ ပင်းတယမြို့
နယ်အတွင်းရှိ ကူးတော်ရွာ၊ ၀ါးပြားရွာ၊ ဒရယ်အင်းရွာနှင့်
စံသီးကျေးရွာမှဖြစ်ပြီး ၀ါးပြားရွာနေသူ အမျိုးသားတစ်ဦးနှင့်
အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
လက်ရှိကာလသည် ဆောင်းတွင်းကာလသို့ ရောက်ရှိနေသော်လည်း ပင်လယ်ပြင်မှ
ရေငွေ့ပါသောလေများ တိုးဝင်လာမှုကြောင့် ရှမ်းပြည်နယ်နှင့်
ကယားပြည်နယ်တို့တွင် မိုးတိမ်တောင် ရာသီဥတုဖြစ်စဉ် ဖြစ်ပေါ်နေကာ
အချိန်အခါမဟုတ် မိုးများရွာသွန်းနိုင်သေးကြောင်း မိုးလေ၀သပညာရှင်
ဒေါက်တာထွန်းလွင်ကပြောသည်။
ဒီဇင်ဘာ ၁၄ ရက်က ရှမ်းပြည်နယ် ကျိုင်းတုံမြို့၊ မိုင်းဆတ်မြို့နှင့်
ပင်လောင်းမြို့နယ်များတွင် ပုံမှန်ထက် မိုးပိုမိုရွာသွန်းခဲ့ပြီး
ချင်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှလွဲ၍ ကျန်ဒေသအနှံ့တွင်
မိုးရွာသွန်းခဲ့ကြောင်း မိုး လေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက
သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် ဒီဇင်ဘာ ၁၆ ရက် ခန့်မှန်းချက်အနေဖြင့် ရှမ်းပြည်နယ်၊
ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့အပြင်
စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊
ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့်
ကချင်ပြည်နယ်တို့တွင် မိုးရွာသွန်းနိုင်ကြောင်း မိုး/ဇလက သတင်းထုတ်ပြန်
သတိပေးထားသည်။
7daydaily
No comments:
Post a Comment
တခုခုပြောခဲ့ပါနော်။