မန္တလေး၊ မဇ္ဈိမ။
။နိုင်ငံတော်သမ္မတမှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ကို ဒီဇင်ဘာလ ၃၀ ရက်က
ထုတ်ပြန်ခဲ့ရာ မန္တလေးဗဟိုအကျဉ်းထောင် (အိုးဘို)မှ နိုင်ငံတော်ဆူပူစေရန်
လှုံ့ဆော်မှု ၅၀၅(ခ) ဖြင့် စွဲဆိုကာ ပြစ်ဒဏ်ကျခံနေသော အကျဉ်းသား ၉ဦးကို
ဒီဇင်ဘာ ၃၁ရက် နေ့လယ် ၂ နာရီခွဲတွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်
လွတ်လာသည်။
ယနေ့လွတ်မြောက်လာသော ကိုးဦးသည် ကျောက်ဆည်မြို့၊
လက်ပံရွာမှ ၃ ဦး၊ မန္တလေးမြို့ မင်းတဲအီကင်းရပ်မှ ၃ ဦး၊ မန္တလေးမြို့ ၃၅
လမ်းဆူပူမှုမှ ၃ ဦး တို့ဖြစ်သည်။
“နိုင်ငံတော်ဆူပူအောင်
လှုံ့ဆော်မှုပုဒ်မနဲ့ ပြစ်ဒဏ်ကျခံနေရသူ ၉ ဦး လွတ်ငြိမ်းခွင့်ရတာဖြစ်ပါတယ်။
အားလုံးက မိတ္ထီလာအရေးအခင်းပြီးနောက်ပိုင်း ဆူပူအောင်လှုံ့ဆော်မှုနဲ့
ပါဝင်ပတ်သတ်လို့ ပြစ်ဒဏ်ကျခံရတာ ဖြစ်ပါတယ်။ ၈လလောက် အိုးအိုထောင်မှာ
နေခဲ့ရပြီး လွတ်ငြိမ်းခွင့်ရတာဖြစ်ပါတယ်"ဟု နိုင်ငံရေးအကျဉ်းသားများ
လူမှုကူညီရေးကွန်ယက်မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
ရုပ်မြင်သံကြားက
ဒီဇင်ဘာ ၃၀ရက်ည ၈နာရီသတင်းတွင် အကျဉ်းသားမျာ လွှတ်ပေးမည်ဟု ကြေငြာသဖြင့်
မိသားစုများက ဒီဇင်ဘာလ ၃၁ ရက် မနက် ၇ နာရီဝန်းကျင်ခန့်ကပင် လာရောက်
စောင့်ဆိုင်းခဲ့ကြသည်။
"ကျွန်တော့်ညီက တပ်ကုန်းရွာသစ် ဗလီဖျက်တဲ့အထဲ
ပါတယ်ဆိုပြီး အဖမ်းခံရတာ ထောင်၃နှစ်ချခံရတယ်။
ပြန်လွှတ်မယ်လို့ယုံကြည်လို့လာကြိုတာပါ "ဟု တပ်ကုန်းမြို့မှလာရောက်သူ
ကိုအောင်မျိုးလတ်က မဇ္ဈိမကို ပြောသည်။
မန္တလေးတိုင်း NLD ဒုတိယဥက္ကဋ္ဌ
ဒေါ်ဝင်းမြမြကလည်း "ဒါဟာလုပ်သင့်တဲ့အလုပ်ကို လုပ်တာပါ။ ဒီလိုလွှတ်တယ်ဆိုတော့
ဝမ်းသာတာပေါ့။ လွှတ်ပြီးပြန်မဖမ်းဖို့လည်းလိုတယ်။ နိုင်ငံရေးဇာတ်ခုံပေါ်ကို
အားလုံးတင်ပေးလိုက် တယ်လို့မြင်တယ်။ ကျန်တာကတော့စောင့်ကြည့်ရမှာပေါ့"ဟု
မဇ္ဈိမကိုပြေသည်။
သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လက်ကျန်
နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီမှ ငါးဦး၊ ၁၉၅၀ပြည့်နှစ်
အရေးပေါ်စီမံမှု အက်ဥပဒေပါ ပြစ်မှုနှင့် အကျဉ်းကျသူ ငါးဦး အပြင်
နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးခံရသူ၊ တရားရင်ဆိုင်နေရသူ စုစုပေါင်း ၁၃၀ဦး
ရှိပြီဖြစ်သည်။
အောင်ကိုဦး
Mizzima - News in Burmese

No comments:
Post a Comment
တခုခုပြောခဲ့ပါနော်။