အာဆီယံနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို စုစည်းတင်ဆက်ထားသော ၀က်ဘ်ဆိုက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက ပြုလုပ်ထားပြီး www.asean2014.gov.mm
၌ ၀င်ရောက်ကြည့်ရှုနိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန
အာဆီယံရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထူးက
ပြောကြားသည်။
““အခုက စမ်းသပ်အဆင့်ပေါ့။ လွှင့်တော့လွှင့်ထားပါပြီ။ အဲဒီမှာ အာဆီယံနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို တင်ထားပါတယ်”” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
ယင်းဝက်ဘ်ဆိုက်တွင် အာဆီယံထိပ်သီးအစည်းအဝေး အပါအ၀င် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အစည်းအဝေးများ၊ အာဆီယံသတင်းလွှာများ၊ အာဆီယံအစည်းအဝေးများမှ ထုတ်ပြန်ချက်များ၊ မြန်မာက အာဆီယံဥက္ကဋ္ဌရာထူးရယူချိန်တွင် ဆောင်ရွက်မည့်လုပ်ငန်းများ၊ မြန်မာက ထုတ်ပြန်ထားသည့် အာဆီယံဆောင်ပုဒ်နှင့် အမှတ်တံဆိပ် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ အာဆီယံ၏ အဓိကဒေါက်တိုင်သုံးခုဖြစ်သည့် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး၊ ယဉ်ကျေးမှု နှင့် စီးပွားရေးအသိုက်အ၀န်း စသည့် သတင်းအချက်အလက်များကို ဖော်ပြထားသည်။
ထို့အပြင် အာဆီယံထိပ်သီးအစည်းအဝေးနှစ်ခု ကျင်းပရန်အတွက် ကုန်ကျစရိတ်မှာ ကျပ်ငွေ ၃၃ ဒသမ ၄ ဘီလီယံရှိပြီး ယင်းဘတ်ဂျက်ကို နိုင်ငံတော်သမ္မတရုံးက ဖြည့်ဆည်းသည့်အနေဖြင့် ချပေးခဲ့ခြင်းဖြစ်ကြောင်း ဦးအောင်ထူးက ပြောကြားသည်။
““ဒီအစည်းအဝေးနှစ်ခုအတွက် ဒီဘတ်ဂျက်ကုန်၊ မကုန် ဆိုတာကတော့ တကယ်သုံးကြည့်မှ သိရမှာပါ။ သမ္မတရုံးကလည်း ဖြည့်ဆည်းပေးတဲ့သဘောနဲ့ ချပေးတာဖြစ်ပါတယ်”” ဟု ပြောကြားသည်။

(၂၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ် မေလဆန်းတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။
No comments:
Post a Comment
တခုခုပြောခဲ့ပါနော်။