နိုဝင်ဘာ ၁၉ ရက် နံနက် ၁ နာရီခန့်က မင်္ဂလာဒုံမြို့နယ်၊ ဘောဂရပ်ကွက် ဘောဂ ၂
လမ်းရှိ နေအိမ်တစ်အိမ်၌ အသက်ကိုးနှစ်အရွယ် လေးတန်းကျောင်းသူ တစ်ဦးနှင့်
မိခင်ဖြစ်သူတို့ လည်ပင်းအား ဓားဖြင့် လှီးသတ်ခံရသည့် ဖြစ်စဉ်တစ်ခု
ဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေသူများနှင့် သေဆုံးသူ၏ ဆွေမျိုးများထံမှ
စုံစမ်းသိရှိရသည်။
သေဆုံးသူများမှာ မမြမြသန်း (ခ) ချောစု အသက် (၃၆) နှစ်နှင့် ၎င်း၏သမီးဖြစ်သူ
မနှင်းအေးဝေ အသက်ကိုးနှစ်၊ လေးတန်းကျောင်းသူတို့ ဖြစ်ပြီး မနှင်းအေးဝေမှာ
နေအိမ်အိပ်ခန်းတွင်း၌ လည်ပင်းအလှီးခံရသည့် ဒဏ်ရာဖြင့် သေဆုံးနေကာ
မိခင်ဖြစ်သူ မမြမြသန်း (ခ) ချောစုမှာ နေအိမ်အနီး လမ်းမပေါ်၌
လည်ပင်းအလှီးခံရသည့် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည်။
သေဆုံးသူ မမြမြသန်း နေအိမ်အနီး လမ်းမ၌ သေဆုံးနေသည်ကို ရပ်ကွက်အတွင်းမှ
လူငယ်တစ်ဦးက ဆိုင်ကယ်စီးလာစဉ် မီးရောင်အောက်တွင် မြင်တွေ့ခဲ့သဖြင့်
ဘောဂရပ်ကွက် ရာအိမ်မှူး (သေဆုံးသူ၏ ယောက္ခမ) ဖြစ်သည့် ဦးသန်းမြအား
ပြောပြရာမှ သွားရောက်ကြည့်ရှုရာတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ၏
နေအိမ်အတွင်းသို့ ၀င်ရောက်ကြည့်ရှုရာ သေဆုံးသူ မမြမြသန်း၏ သမီးဖြစ်သူ
မနှင်းအေးဝေမှာလည်း နေအိမ်အိပ်ခန်းထဲတွင် စောင်ဖြင့် ပတ်ပြီး လည်ပင်းတွင်
ဓားဒဏ်ရာဖြင့် သေဆုံးနေကြောင်း တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။
သေဆုံးသူ၏ ယောက္ခမဖြစ်သူ ဒေါ်စန်းမြင့်က"အဒေါ့်ချွေးမနဲ့ မြေးမလေး
ခုလိုမျိုး ရက်ရက်စက်စက် အသတ်ခံရတာ မနက် ခုနစ်နာရီလောက်မှ အဒေါ်သိရတာပါ။
သားအငယ်က အဒေါ်တစ်ခုခု ဖြစ်သွားမှာစိုးလို့ ညတွင်းချင်း မပြောဘူး။
မနက်ရောက်မှ ပြောလို့သိရတာပါ။ အန်တီ့သားကို သူ့မိန်းမနဲ့ ကလေး
ဒီလိုအသတ်ခံရတယ်ဆိုတာ မပြောသေးပါဘူး။ သူက ခရီးသွားနေတာ" ဟု နိုဝင်ဘာ ၁၉
ရက်က အခင်းဖြစ်ပွားရာအိမ်တွင် ဆိုသည်။
သေဆုံးသူ မမြမြသန်း၏ ခင်ပွန်းဖြစ်သူမှာ မြင်းခြံဘက်သို့ ခရီးထွက်သွား၍
အခင်းဖြစ်နေ့က နေအိမ်တွင် အသတ်ခံရသည့် သားအမိနှစ်ဦးသာရှိပြီး သေဆုံးသူ၏
သားကြီးဖြစ်သူမှာ သူခိုးကြီးည ဖြစ်သဖြင့် ၎င်းဖွင့်လှစ်ထားသည့် ကွမ်းယာဆိုင်၌
သွားအိပ်ခဲ့ကြောင်း သေဆုံးသူ၏ ဆွေမျိုးများထံမှ သိရသည်။
သေဆုံးသူ၏ ယောက်က္ခမဖြစ်သူ ဒေါ်စန်းမြင့်က"အဒေါ့် ချွေးမက အဒေါ်တို့
အိမ်ကိုလာတဲ့လမ်းမှာ သေနေတာဆိုတော့ အဒေါ့်အိမ်ကို အားကိုးတကြီး ပြေးလာတာ
ဖြစ်မယ်လို့ ထင်တယ်။ အရင်ကလည်း သူ့ယောက်ျားနဲ့ စကားများရင်တောင်
အဒေါ့်ဆီလာပြီး တိုင်နေကျ။ ခုလိုဖြစ်သွားတာ ရင်ထဲမှာ လုံးဝမကောင်းဘူး" ဟု
ဆိုသည်။
မင်္ဂလာဒုံ မြို့မရဲစခန်းမှူး ရဲမှူး အောင်သိန်းဝင်းက"ဒီဖြစ်စဉ်ကို
လက်ရှိအမှုဖွင့်ပြီး ကျူးလွန်သူကို အမြန်ဆုံး ဖော်ထုတ်နိုင်အောင်
စုံစမ်းစစ်ဆေးနေပါတယ်"ဟု နိုဝင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။
အဆိုပါ ဖြစ်စဉ်အား မင်္ဂလာဒုံမြို့မ ရဲစခန်းမှ (ပ)၇၂၄/၁၃ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment
တခုခုပြောခဲ့ပါနော်။